ရန်ကုန်၊ သာကေတမြို့နယ်၊ ၆ အရှေ့ရပ်ကွက်၊ အောင်သုခ ၂၃ လမ်းမှာ မေလ ၄ ရက် ညနေပိုင်းက မီးလောင်ခဲ့တာကြောင့် လူနေအိမ် ၆ လုံးနဲ့ အိမ်တခြမ်းပျက်စီးဆုံးရှုံးသွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ညနေ ၅ နာရီ ၃၈ မိနစ်ခန့်က မီးသတင်းရခဲ့တာကြောင့် သာကေတမြို့နယ်မီးသတ်ဌာန မီးသတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအသင်း ၂၀ လောက်က မီးလောင်မှုဖြစ်ပွားရာနေရာကို သွားရောက်ငြှိမ်းသတ်ခဲ့ကြတာပါ။
မီးတောက်အားကောင်းနေတာကြောင့် Level 1 အဆင့်နဲ့ ညနေ ၅ နာရီ ၄၃ မိနစ်မှာ ခေါ်ယူငြှိမ်းသတ်ခဲ့ရပြီး ညနေ ၅ နာရီ ၄၆ မိနစ်မှာ Level 2 အဆင့် ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မီးလောင်မှုအတွင်း အရန်မီးသတ်ဝန်ထမ်း အမျိုးသား ၁ ဦးမှာ လက်တဖက် မီးအပူလောင်ဒဏ်ရာ ရရှိခဲ့ပြီး ကယ်ဆယ်ရေးအသင်းက အသက် ၂၀ အရွယ် အမျိုးသား ၁ ဦး မီးခိုးမွှန် သတိလစ်ကာ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ခဲ့ရပါတယ်။
ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “မီးလောင်တာက အိမ် ၆ လုံးနဲ့ တခြမ်း၊ ထိခိုက်သူက ၂ ဦး၊ အရန်မီးသတ်ရဲဘော်လေးက လက်အပူလောင်တယ်၊ ပရဟိတအသင်းက ကောင်လေးတယောက်က မီးခိုးမွှန်ပြီး သတိလစ်သွားတယ်။ သူ့ကိုတော့ ရန်ကုန်ဆေးရုံကြီး ပို့ပေးထားတယ်” လို့ ပြောပါတယ်။
ရပ်ကွက်နေသူတွေကတော့ လမ်းအတွင်း သုံးထပ်တိုက်ရဲ့ ဘေးချင်းကပ်အိမ်ကနေ မီးစတင်လောင်တာလို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို သာကေတမီးသတ်ဌာနက တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပြီး ညနေ ၆ နာရီခန့်မှာ မီးငြိမ်းသွားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကလည်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။