ကချင်ပြည်နယ်၊ ရွှေကူမြို့ တဖက်ကမ်း ရေလဲကျေးရွာကို စစ်ကောင်စီတပ်က မေလ ၄ ရက် ညနေပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီးကတည်းက လက်နက်ကြီးနဲ့ ရွာကို လှမ်းပစ်နေတာ။ ညနေ ၆ နာရီလောက်မှာ ရွာထဲကိုဝင်ပြီး ရွာအစွန်ကအိမ်တွေကို မီးစရှို့တယ်။ ည ၇ နာရီခွဲလောက်မှာ ရွာအလယ်ပိုင်းကအိမ်တွေကို မီးထပ်ရှို့တယ်။ မီးလောင်တဲ့အနေအထားကတော့ ရွာလုံးကျွတ် ကုန်နိုင်တယ်။ ကျနော်တို့လည်း ဘေးလွတ်ရာ ပြေးနေရတော့ ဘယ်နှစ်အိမ်လောင်သွားလဲ တိတိကျကျ မသိဘူး” လို့ ပြောပါတယ်။
ရွှေကူမြို့နယ်မှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို မတ်လ ၂၁ ရက်က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စီသောင်ကျေးရွာက နေအိမ် ၂၀၀ ကျော်၊ စီမူကြီးကျေးရွာက နေအိမ် ၄၀ ကျော်၊ စီမူလေးကျေးရွာက နေအိမ် ၇၀ ကျော်၊ မံနားကျေးရွာက နေအိမ် ၄၀ ကျော်၊ တုံကောက်ကျေးရွာက နေအိမ် ၄၀ ကျော်၊ မံခါးကျေးရွာက နေအိမ် ၃၀ ကျော်၊ မံဝိန်းကျေးရွာက နေအိမ် ၁၀၀ ကျော်၊ စီမော်ကျေးရွာက နေအိမ် ၁၀၀ ကျော်၊ နန့်လတ်ကျေးရွာက နေအိမ် ၃၀ ကျော်၊ နောင်လတ်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်နဲ့ စီသာကျေးရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၁၀,၀၀၀ လောက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။