မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း၊ လက်ပံပျားတိုက်နယ်၊ မိုင်တိုင်အမှတ် ၃၅/၄ ဖာလုံအနီးမှာ မေ ၃ ရက်၊ ညနေပိုင်းက ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မနေ့ညနေ ၃ နာရီလောက်က တောင်ဦးကျေးရွာနားအရောက် လမ်းမမှာ လူ ၂၀ ပါ လိုက်ထရပ်ယာဉ်နဲ့ ဒိုင်နာကားတို့ တိုက်မိတာဖြစ်ပြီး လိုက်ထရပ်ယာဉ်မောင်းက ကားခေါင်းခန်းထဲ ညပ်နေခဲ့တာပါ။
လိုက်ထရပ်ကားဟာ ရန်ကုန်၊ သန်လျင်မြို့နယ်ကနေ ပုဂံ-ပုပ္ပားကို ဘုရားဖူးထွက်လာတာ ဖြစ်ပြီး လမ်းမှာ တဖက်ယာဉ်ကြောကို ကျော်တက်လာတဲ့ ဆီပေပါတင် ဒိုင်နာက ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
ကျောက်ပန်းတောင်းမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “သန်လျင်ကနေလာတဲ့ ဘုရားဖူးကား လိုက်ထရပ်ပါ၊ လူကြီးက ကျား မ ၁၉ ဦး၊ ကလေးက ၆ နှစ်အရွယ် တဦးပါတယ်။ ဒိုင်နာကားက ရှေ့ကားကိုကျော်တက်တာ လိုက်ထရပ်နဲ့ မျက်နှာချင်းဆိုင်လို တိုက်မိတာပါ။ လိုက်ထရပ်ယာဉ်က ခေါင်းတော့ ပြားသွားတယ်။ ခရီးသည် ၃ ဦးကိုတော့ စိတ်မချရလို့ ကျောက်ပန်းတောင်းဆေးရုံကို ပို့၊ အဲ့ကနေ သက်သာမှ လက်ပံပျားဆေးရုံ ပြန်ပို့ထားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ၃ ဦးမှာ လက်ကျိုးဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဒိုင်နာယာဉ်မောင်းနဲ့အကူက ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ယာဉ်တိုက်မှုအရှိန်ကြောင့် ဒိုင်နာယာဉ်က ဘေးတစောင်းတိမ်းမှောက်သွားပြီး လိုက်ထရပ်ယာဉ်ရဲ့ ခေါင်းခန်းလည်း ကြေမွသွားပါတယ်။
အခင်းဖြစ်နေရာကို လက်ပံပျားတိုက်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို လက်ပံပျားတိုက်နယ်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။