တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာစစ်ကောင်စီရဲ့ ထမင်းမစားဂိတ်စခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေ ၁ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထမင်းမစားဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မေလ ၃ ရက်နေ့မှာ ကျနော်တို့က ထမင်းမစားဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ မြေပြင်တိုက်ခိုက်မှုနဲ့အတူ ဒရုန်းနဲ့ ဗုံး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက ၂ နာရီလောက်ကြာတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးထက်မနည်း သေဆုံးပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က ဒရုန်းတစီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထဲမှာ ပုလောဒေသကာကွယ်ရေးအဖွဲ့နဲ့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသလည်းဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မေ ၃ ရက် မနက်က အသက် ၃၀ ဝန်းကျင်အရွယ် နန်းတောင်ရွာသား ကိုသီဟ ခြေနင်းမိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “ကိုသီဟက တခြားတယောက်ရဲ့ခြံမှာ ဘဲစာသွားကျွေးတယ်။ အဲအချိန်မှာ မိုင်းနင်းမိသွားတာပါ။ စစ်ကောင်စီတပ်သားတွေက အရင် သီလရှင်ကျောင်းဖြစ်ခဲ့ဖူးတဲ့ တောင်ပေါ်မှာ တပ်စွဲထားတယ်။ သူတို့တပ်စွဲထားတဲ့ အနီးနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ စစ်ကောင်စီတပ်သားတွေက သူတို့တပ်စွဲထားတဲ့ ဝန်းကျင်တွေမှာ မိုင်းတွေထောင်ထားတယ်။ မိုင်းနင်းမိတဲ့နေရာက ဘုန်းကြီးကျောင်းအနီး တက်လမ်းတလျှောက်မှာ နင်းမိတာပါ” လို့ ပြောပါတယ်။
နန်းတောင်ရွာနဲ့ ပုလောကုန်းရွာဟာ အာဏာမသိမ်းခင်ကတည်းက ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေများပြီး အာဏာသိမ်းပြီးတော့လည်း စစ်ကောင်စီကို ဝန်းရံကြသလို စစ်ကောင်စီကလည်း အဲဒီရွာတွေမှာပဲ တပ်စွဲထားကြတယ်လို့ ဆိုပါတယ်။
မိုင်းနင်းမိတာကြောင့် ကိုသီဟဟာ ခြေချင်းဝတ်ပြတ်ထွက်သွားပြီး ပုလောဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။