ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ မေ ၃ ရက် ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၁၀၇ ယောက် အပါအဝင် အကျဉ်းသားပေါင်း ၁၃၉ ဦး လွတ်မြောက်လာပါတယ်။
နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီး ထောင်ဒဏ်ချခံထားရပြီး လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူ အမျိုးသား ၁၀၄ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ ပေါင်း ၁၀၇ ဦး လွတ်မြောက်လာတာဖြစ်ပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသူ ၃၂ ဦးပါဝင်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီကတော့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။