Home
မြန်မာသတင်း
ချမ်း‌အေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မီးလောင်ပြီး ဆိုင်ခန်းများ ပျက်စီးဆုံးရှုံး
DVB
·
May 3, 2023
344752720_728246345706997_962000489520485982_n

မန္တလေး၊ ချမ်း‌အေးသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ မေလ ၃ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၇ ခန်း၊ တိုက်ခန်းတခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ (၈၉×၉၀) လမ်းထောင့်၊ ကျောက်ဆစ်မီးသတ်ဌာန အရှေ့ဘက်မှာ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က သုံးထပ်တိုက်ရဲ့ ဒုတိယထပ်မှာ မီးလောင်ခဲ့ပြီး အတွင်းပိုင်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ပြီး မြို့နယ်မီးသတ်ယာဉ် ၄ စီးနဲ့ ငြှိမ်းသတ်ခဲ့တာ‌ကြောင့် ၁၀ နာရီ ၃၁ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်ဂေါက်ကွင်းအနီးက Ever Chit ကြက်‌ကြော်ဆိုင်မှာ နေ့လယ် ၁၂ နာရီ ၂၈ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကြက်ကြော်ဆိုင် အပါအဝင် ဈေးဆိုင်ခန်း ၇ ခန်း ပျက်စီးသွားပါတယ်။

မန္တလေးအခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ကျောက်ဆစ်နားက တိုက်က ဝါယာရှော့ဖြစ်ပြီး လောင်တာ၊ မီးခိုးတွေ အထွက်များတာ၊ ဒုတိယထပ်တော့ အတွင်းခန်းတွေ လောင်သွားတယ်၊ ပုသိမ်ကြီး မီးလောင်တာကတော့ ကြက်‌ကြော်ဆိုင်‌ကနေ ဘေးက စား‌သောက်ဆိုင်‌ခန်းတွေပါ ကူးသွားတာပါ၊ လောလောဆယ် ၇ ဆိုင်လို့ သိရတယ်၊ လူထိခိုက်တာမျိုးတော့ မရှိဘူး၊ ဂေါက်ကွင်းနားက ဆိုင်တွေပါ၊ ဘာလို့လောင်လဲတော့ စစ်ပြီးမှသိမှာ” လို့ ‌‌ပြောပါတယ်။

မီးလောင်ပြီး နာရီဝက်အကြာမှာ မီးငြှိမ်းနိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရတဲ့အပြင် မီးလောင်မှုနေရာကို မန္တလေးဗဟိုမီးသတ်၊ ပုသိမ်ကြီးမီးသတ်ယာဉ်တွေနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ကူညီငြှိမ်းသတ်ခဲ့ကြတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်ကလည်း မဟာအောင်မြေမြို့နယ်မှာ လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Level 1 အဆင့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ် မှတ်တမ်းအရ သိရပါတယ်။

ဓာတ်ပုံ( မန္တလေးဗဟိုမီးသတ်တပ်ဖွဲ့ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024