စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ပေမဲ့ မိသားစုဝင်တဦး ကျန်ရှိနေသေးတယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တချို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက တသုတ်ချင်းစီ အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး ပင်မသပိတ်အဖွဲ့ဝင် မကျင်ဒိတ်ကင်ရဲ့ မိခင်ကိုတော့ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်နဲ့ နီးစပ်သူတဦးက “မကျင်ရဲ့အမေကတော့ ပြန်မလွတ်သေးဘူး။ ကျန်တဲ့မိသားစုဝင်တွေက လွတ်ပြီးကြပြီ။ သူတို့ကိုတော့ ဒကစထဲမှာပဲ စစ်ဆေးဖမ်းထားတာ။ ဖမ်းခံရတဲ့အဖွဲ့ဝင်တွေကတော့ ရဲစခန်းနဲ့ အချုပ်ထောင်ကို ရောက်သွားကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ညနေပိုင်းမှာ နေအိမ်တွေကို ချိတ်ပိတ်ပြီး မိသားစုဝင် ၁၀ ယောက်ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တာပါ။
သပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ ဧပြီ ၁၉ ရက်နေ့မှာတော့ သပိတ်အဖွဲ့ဝင် ကိုဗိုက်ပူ၊ မပွားလေး၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ JCB မြေတူးစက်တွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။