တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ မေလ ၃ ရက် ဒီမနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၄ ဦး လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။
ပြန်လွတ်လာတဲ့သူတွေထဲမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂၂ ဦးပါဝင်ပြီး အားလုံးဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေပါ။
ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက “အစက ၃၆ ယောက်လွတ်မယ်လို့ သိထားတာ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်ကတော့ တခြားပုဒ်မတွေ ထပ်တပ်ခံရထားလို့ မလွတ်ဘဲကျန်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြန်လွတ်လာတဲ့သူတွေထဲက အမျိုးသားတဦးကတော့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံထားရတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရသူတွေပါ။
ဒီကနေ့ ထားဝယ်ထောင်ကနေ ပြန်လွတ်လာသူအများစုဟာ အသက် ၅၀ ဝန်းကျင် အရွယ်တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖမ်းဆီခံရတဲ့ လောင်းလုံးဒေသခံအများစု ပါဝင်ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက “လွတ်လာတဲ့အထဲ လူငယ်တွေမတွေ့ရဘူး၊ လွှတ်တာကလည်း ၅၀၅-က သီးသန့်လွှတ်တာ၊ လွတ်ရက်စေ့ခါနီးလူတွေတောင် တခြားပုဒ်မတွေနဲ့ဖြစ်နေလို့ လွှတ်တဲ့အထဲမပါဘူး” လို့ ပြောပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ မေလ ၃ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦး ပြန်လည်လွတ်မြောက်လာပေမဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာပါတဲ့ ၅၀၅-က ပုဒ်မနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေထံက သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက “စာရင်းမှာပါတဲ့ ၂၄ ယောက်ထဲမှာ လွှတ်ပေးလိုက်တာက ၁၄ ယောက်ပါ။ နောက်မှုကပ်ပြီး ဆွဲထားခဲ့တာတော့ မဟုတ်ဘူး။ ကျန်ခဲ့တဲ့သူတွေကလည်း ၅၀၅-က ပုဒ်မတခုပဲရှိတာပါ” လို့ ပြောပါတယ်။
အဆိုပါလွတ်မြောက်လာတဲ့သူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၄ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ လွတ်မြောက်ရမယ့် စာရင်းအရ ၃၆ ဦး ရှိပေမဲ့ ၃၄ ဦးကိုသာ လွှတ်ပေးပြီး ကျန် ၂ ဦးမှာ စစ်ဆေးစရာရှိလို့ဆိုကာ မလွှတ်ပေးဘဲ ပြန်ခေါ်ထားခဲ့ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီကတော့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသား အကျဥ်းသူ ၁၄ ဦးကို လွှတ်ပေးခဲ့ပြီး အဲဒီထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်ပါဘူး။