ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ စိတ်ကြွဆေးပြား ၂ သန်း ဖမ်းဆီးရမိတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်စပ်ကနေ မူးယစ်ဆေးဝါးသယ်ဆောင်မှု ရှိလိမ့်မယ်လို့ ကြိုတင်သတင်းရထားချက်အရ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁ ရက် မနက် ၃ နာရီ မိနစ် ၂၀ လောက်မှာ မဲ့အိုင်းမြို့နယ် ဖှန်-ထာ့ဒွန်း ကားလမ်းမကြီးဘေး ဓာတ်ဆီဆိုင်တဆိုင်မှာ ရပ်ထားတဲ့ မသင်္ကာဘွယ် အိမ်စီးကားအဖြူရောင် ၁ စီးကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ကားပေါ်မှာ မြွေရေခွံအိတ် အလုံး ၂၀ ကို ပြွတ်သပ်နေအောင် တင်ဆောင်လာပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်းကို တွေ့ရှိခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ယာဉ်မောင်းသူနဲ့ ဘေးကထိုင်ပြီး လိုက်ပါလာသူ ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ အဆိုပါ ထိုင်း ၂ ဦးမှာ နိုင်းကစ်သီ (၄၇ နှစ်) နခွန်းဆဝမ်သားနဲ့ နိုင်းဆေဆန် (၅၇ နှစ်) ဆလာပူရီသားတို့ ဖြစ်ပါတယ်။
မဲ့အိုင်းမြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ ကပ်လျက်တည်ရှိပြီး မိုင်းဆတ်မှာတော့ UWSA ဝ တပ်ဖွဲ့နဲ့ လားဟူပြည်သူ့စစ်တို့ လှုပ်ရှားနေပါတယ်။