Home
မြန်မာသတင်း
တာချီလိတ်မှ ပို့လိုက်သည့်  စိတ်ကြွဆေး ၆ သန်း ချင်းရိုင်းတွင် ဖမ်းမိ 
DVB
·
September 4, 2024
Photo Crd-MGR Online

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ်ထဲမှာ မြန်မာနိုင်ငံ တာချီလိတ် ဘက်က လာတဲ့ စိတ်ကြွဆေးပြား ၆ သန်း ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း- မြန်မာနယ်စပ်နဲ့ ထိုင်း-လာအိုနယ်စပ်မှာ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာ ဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်းသိရှိတဲ့အတွက် စောင့်ကြပ်စစ်ဆေးဖို့ ခရိုင်ရဲမှူးကြီး မာနုပ် ဆေနာကွန်းက ညွှန်ကြားခဲ့ပါတယ်။

နယ်မြေခံရဲနဲ့ မူးယစ်ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး နယ်စပ်လမ်းတလျှောက် စောင့်ကြပ် စစ်ဆေးနေရာမှာ စက်တင်ဘာ ၃ ရက် အစောပိုင်းက အနက်ရောင်ဖို့ဒ်မော်တော်ကား တစီးဟာ ကျိန်းဆဲန်မြို့နယ် ဝိန်းကယောက်ရပ်ကွက်ထဲကို  မယ်ဆိုင်မြို့ ရှောင်လမ်းဘက်ကနေ မောင်းနှင် ဝင်ရောက်လာပါတယ်။

တာဝန်ရှိသူတွေက အဆိုပါကားကို စစ်ဆေးဖို့တားဆီးပေမဲ့ ကားကရပ်မပေးဘဲ အရှိန်မြှင့် ထွက်ပြေးသွားခဲ့ပါတယ်။

ရဲတွေကလည်း ကားနဲ့အနောက်ကနေ လိုက်ဖမ်းတယ်၊ အဲဒီကားဟာ ရဲတွေမျက်ခြေပြတ်အောင် လမ်းကြိုလမ်းကြားတွေပါ ဝင်လိုက်ထွက်လိုက်မောင်းနှင် နေခဲ့တယ်၊ နောက်တော့ ဝိန်းအုပ်စု  ဟွေ့ကိန်ရပ်ကွက်ထဲက လမ်းဘေးတနေရာမှာ ကားကိုထိုးရပ်ပြီး  ကားပေါ်က လူ ၃ ဦး ထွက်ပြေးသွားခဲ့ပါတယ်။

တာဝန်ရှိသူတွေက  လိုက်ဖမ်းရာမှာ မကြာခင်မှာဘဲ အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းဖုန်းဆဒ်နဲ့ ၂၂ နှစ်ရွယ် နရုန်းတေချ်ဆိုသူ ထိုင်းလူရွယ် ၂ ဦးကို ဖမ်းမိခဲ့တယ်၊ နောက်တယောက်ကတော့ လွတ်မြောက်နေဆဲလို့ ဆိုပါတယ်။ 

သူတို့ရပ်ထားတဲ့ ကားပေါ်မှာတော့ မြွေရေခွံအိတ် အလုံး ၃၀ တွေ့ရှိတယ်၊ အိတ် တလုံးကို စိတ်ကြွဆေးပြား ၂ သိန်းထည့်လာပြီး စုစုပေါင်း စိတ်ကြွဆေးပြား ၆ သန်းဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တရားခံ ၂ ယောက်ကတော့ အဲဒီစိတ်ကြွဆေးတွေဟာ သူတို့ဟာမဟုတ်ဘဲ မယ်ဆိုင်ကနေ ကျိန်းဆဲန်ကို ပို့ပေးဖို့  တဘက်နိုင်ငံ တာချီလိတ်ရှိ မူးယစ်ကုန်သည်တယောက်က စေခိုင်းခဲ့တယ်၊ သယ်ပို့ခအဖြစ် တယောက်ကို ဘတ် ၃၀၀၀၀၀ ရမယ်လို့  ပြောပြီး လောလောဆယ် ဘတ်ငွေ ၄၀၀၀၀ စရံအဖြစ်ယူထားတယ်၊  ကျိန်းဆဲန်ရောက်ရင် တခြားသူတွေက ဘန်ကောက်ကို ဆက်လက် ပို့ဆောင်ဖို့ လာယူမယ်လို့  ဝန်ခံသွားပါတယ်။ 

ဥပဒေအရအရေးယူဖို့အတွက် လွတ်မြောက်နေသူ တယောက်ကို ဆက်လက်ရှာဖွေနေသလို နောက်ထပ်ကွင်းဆက်လည်း စုံစမ်းထောက်လှမ်းနေကြောင်း တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။ 

Source:   MGR Online 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024