အင်းစိန်အကျဥ်းထောင်မှာ အဂတိအမှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးဟာ မေ ၃ ရက် ဒီနေ့မနက် အင်းစိန်အကျဥ်းထောင်မှာ သေဆုံးသွားတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဦးအောင်သန်းဦးဟာ ကျန်းမာရေးမကောင်းလို့ အင်းစိန်အကျဥ်းထောင်ရှိ ထောင်တွင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဥ် ဒီနေ့မနက်အစောပိုင်းမှာ သေဆုံးသွားတာလို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သတင်းကမှန်ပါတယ်။ ထောင်ကျနေတာ လေးလကျော်ပဲရှိသေးတယ်။ ဒီနေ့မနက်မှာ ဆုံးသွားတာပါ။ မိသားစုတွေတော့ အကြောင်းကြားထားပါတယ်။”
စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးမှာ မေလ ၁ ရက်နေ့က ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရာမှ ဒီနေ့မနက် သေဆုံးသွားတာဖြစ်တယ်လို့ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး၊ ဝန်ကြီးဟောင်းဦးအောင်သန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချခဲ့ပါတယ်။
ဒလမြို့နယ်ရှိ သမ္မတကမ်းခြေ မြေယာချထားမှုနဲ့ ပတ်သတ်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ စီးပွားရေးရာဝန်ကြီးနဲ့ အတွင်းရေးမှူးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့တော်ဝန် ဦးဗိုလ်ဌေးကိုတော့ ပြန်လွှတ်ကာ ကျန်သုံးဦးကို အဂတိပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးအောင်သန်းဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။
ဦးအောင်သန်းဦးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ သန်လျင်မြို့နယ်ကနေပဲ ထပ်မံ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။