သတင်းထောက်ဟောင်း ကိုနေလင်းထိုက်ဟာ ဇူလိုင် ၂၉ ရက်က အင်းစိန်ထောင်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်လို့ ကျိုက်စကောထောင်မှာ အတူတူနေခဲ့သူ နိုင်ငံရေးအကျဥ်းသားဟောင်းတယောက်က ပြောပါတယ်။
“သူက ကျိုက်စကောထောင်မှာကတည်းက ဖြစ်နေတာ။ ပထမ စဖြစ်တုန်းက ထမင်းတွေ ဘာတွေစားလို့ မရတော့ ထောင်ပိုင်ကိုတင်ပြတော့ ဘာမှ ထောင်ကလုပ်မပေးဘူး၊ နောက်တော့ ပါးစပ်မှာ အပေါက်ကြီးဖြစ်သွားတာ။ ပြည်တွေထွက်၊ အနံ့တွေပါ ထွက်လာတော့မှ ကျိုက်စကောထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းပေးတာ ဆေးကုဖို့ဆိုပြီး။ သူက ထောင်၀င်စာလည်း မလာနိုင်ပါဘူး၊ သူ့မိသားစုက လွတ်မြောက်နယ်မြေကို ထွက်ပြေးသွားရတော့ ဘယ်သူမှ လာမတွေ့နိုင်တော့ဘူး။ တခါတလေကျမှ သူ့သူငယ်ချင်းတွေက ပါဆယ်လေး ဘာလေးလာပို့တာ ဘာမှတော့သိပ်မပါရှာပါဘူး။ သူ့ရောဂါက အရမ်းသနားဖို့ကောင်းတာ၊ ကင်ဆာဆိုတော့ သူ့အတွက် ဆေးကလည်း ဘယ်သူမှ လုပ်မပေးနိုင်ဘူးလေ။ အခုဖြစ်နေတဲ့ ပါးစောင်ကင်ဆာကြောင့်ပဲ ၂၀၂၂ ခုနှစ် ၇ လ ပိုင်းလောက်မှာပဲ အင်းစိန်ထောင်ကိုပြောင်းသွားတာ။ အဲ့ဒီကတည်းက သူနဲ့မတွေ့တော့တာ၊ အခုမှ အင်းစိန်ထောင်မှာ သေပြီလို့ကြားတာ။”
ကိုနေလင်းထိုက်ဟာ DVB သတင်းဌာနမှာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ခံ Cj သတင်းထောက်အနေနဲ့ နှစ်အတန်ကြာလုပ်ခဲ့ဖူးပြီး စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး သတင်းထောက်အလုပ်ကို ခေတ္တရပ်ထားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အဖမ်းခံရပြီး ပထမ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံရပြီးနောက် ထောင်ထဲမှာ နောက်ထပ် ၅၂ (က) နဲ့ပါ ထပ်မံတရားစွဲခံရကာ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချခံခဲ့ရပါတယ်။
ဇူလိုင် ၂၉ ရက်ကတော့ အင်းစိန်ထောင် တိုက်ဝန်းထဲမှာ ပါးဆောင်ကင်ဆာရောဂါနဲ့ သေဆုံးသွားတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၄၅ နှစ်ခန့် ရှိပြီလို့ အင်းစိန်ထောင်၀န်ထမ်း အသိုင်းအ၀န်းဆီက သိရပါတယ်။
ကိုနေလင်းထိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။