Home
မြန်မာသတင်း
ပခုက္ကူတွင် ခရီးသွားပြည်သူ ၃ ဦးကို PDF နှင့်ဆက်နွှယ်သည်ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
May 3, 2023
Pa Khout Ku Police

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေလ ၁ ရက်က ခရီးသွားပြည်သူ ၃ ယောက်ကို PDF နဲ့ဆက်နွှယ်သူ၊ မမှန်သတင်းရေးသားသူလို့ စွပ်စွဲပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် တင်းဂတ်ကျေးရွာနားမှာ မေလ ၁ ရက် မနက် ၁၀ နာရီလောက်က ပေါက်-ပခုက္ကူ ကားလမ်းအတိုင်း ပေါက်မြို့ဘက်က မောင်းနှင်လာတဲ့ ၃ ဘီးယာဥ်ကို စစ်ကောင်စီတပ်က ရပ်တန့်စစ်ဆေးပြီး ၃ ဘီးယာဥ်ပေါ်မှာပါတဲ့ ကိုကျော်ဇင်ဖြိုး (ခေါ်) မိုးဒီကို PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် သုံးဘီးယာဥ်တစီးကို ထပ်မံစစ်ဆေးပြီး ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုမင်းမင်းထိုက် (ခေါ်) မင်းထိုက်ကို PDF တွေကို အားပေးထောက်ခံတဲ့စာတွေ၊ ဗွီဒီယိုဖိုင်တွေ ဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နားက ကျွဲတဲရွာနားမှာလည်း မေလ ၁ ရက် မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်အုပ်စုတွေက စျေးကားတစီးကို စစ်ဆေးပြီး ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုအောင်ချမ်းသာ (ခေါ်) အောင်ကောင်းစံကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မမှန်သတင်း ရေးသားဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်အုပ်စုတွေက သိမ်းဆည်းကာ ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ ၂၁,၆၃၂ ယောက်ရှိပြီး အဲဒီထဲက ၁၇,၇၂၆ ယောက်ဟာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024