တနေ့က ဆရာမင်းဒင်ရဲ့ စာမျက်နှာမှာ ရေးတင်ထားတာ ဖတ်မိပါတယ်။
“အတွေးအခေါ်တို့ ပြောင်းလဲခြင်းမှသည် နွေဦးအောင်ပွဲဆီသို့” လို့ အမည်ပေးထားတဲ့ စာတပုဒ်ပါ။
“လူထုတော်လှန်ရေးကာလတွေမှာ လူငယ်ထုရဲ့ ဘာသာရေးအပေါ် ခံယူချက် အတွေးအမြင်တွေ ကျွဲကူးရေပါသဘောမျိုး ပြောင်းလဲလာတာဟာ သိပ်ပြီးကျေနပ်အားရစရာ ကောင်းလှပါတယ်”လို့ သူက နိဒါန်းချီပြီး အာဏာလုယူတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းနေတဲ့ ဘုန်းကြီးတွေကို သံဃာ့ဂုဏ်ရည်နဲ့ ပြည့်စုံရဲ့လား (တနည်းဆိုရရင်) သံဃာအစစ်အမှန် ဟုတ်ရဲ့လား ဆိုတာကို မေးခွန်းထုတ်ထားပါတယ်။ သံဃာ့ဂုဏ်တော်ကိုးပါးနဲ့ ရှင်းလင်းတင်ပြထားပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းဟာ သံဃာကို အထွတ်အမြတ်ထားပြီး တလေးတစား ကိုးကွယ်ပြုစုနေတာ အထင်အရှားပါ။ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သံဃာငါးသိန်းကို နေ့စဉ် ဆွမ်းကပ်နေတဲ့ စရိတ်၊ သင်္ကန်းပရိက္ခရာ စရိတ်တွေကို တွက်ကြည့်ရင် နည်းမှာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေဟာ သံဃာဆီမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံထားသလဲဆိုတာ အလွယ်နဲ့ တွက်နိုင်ပါတယ်။ သံဃာတပါးအတွက် တရက်မှာ တဒေါ်လာပဲ ကုန်တယ်ဆိုရင် တရက်မှာ စုစုပေါင်း ဒေါ်လာ ၅ သိန်း၊ တလမှာ ဒေါ်လာ ၁၅ သန်း၊ တနှစ်မှာ ဒေါ်လာ သန်း ၁၈၀ ကုန်ပါမယ်။ ဒီလောက် ပြည်သူပြည်သားတွေက စေတနာထက်သန်စွာနဲ့ ပူဇော်နေပါလျက်နဲ့ သံဃာ့ခေါင်းဆောင် ဆိုသူတွေဟာ ဘာကြောင့် ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အာဏာလုယူထားတဲ့ စစ်ခေါင်းဆောင်တွေကို ပူးပေါင်းထောက်ခံနေသလဲ။
သမ္မာသမ္ဗုဒ္ဓ ဖြစ်တဲ့ မြတ်စွာဘုရားက သာသနာပြုမယ့် သံဃာတွေကို “ဗဟုဇန သုခါယ ဗဟုဇန ဟိတာယ - အများပြည်သူအတွက် အကျိုးရှိအောင် ချမ်းသာအောင် ရွက်ဆောင်ပေးပါ” လို့ သေသေချာချာ ညွှန်ကြား မှာထားပါလျက်နဲ့ ဘာကြောင့် မလိုက်နာတာလဲ။ အများပြည်သူ ဆက်ကပ်ထားတဲ့ဆွမ်းကို စားနေကြတဲ့ သံဃာ့ခေါင်းဆောင်တွေဟာ ပြည်သူလူထု မျက်စိလည်အောင် ဘာကြောင့် အာဏာရှင်တွေနဲ့ ပူးပေါင်းပြနေသလဲ။ ပြည်သူလူထုကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ညှဉ်းဆဲနေတဲ့ မင်းဆိုးမင်းညစ်တွေကို သာသနာပြု မင်းကောင်းမင်းမြတ်ပုံစံ ပေါ်အောင် ဘာကြောင့် အမွှမ်းတင်ပေးနေသလဲ။ အမျိုးဘာသာ သာသနာ ဆိုတဲ့ နိုင်ငံရေးလှည့်စားမှုအောက်မှာ ဘာကြောင့် ဝင်ရောက်ပူးပေါင်းနေတာလဲ။
ဆရာမင်းဒင်ရဲ့စာထဲမှာ သံဃာ့ဂုဏ်ရည်ကိုးပါးကို ညွှန်းထားတာ လူငယ်များအတွက် အလွန်အကျိုးရှိပါတယ်။ သံဃာ့အရည်အချင်းဆိုတာ ခေါင်းတုံးတုံးထားတာကို ပြောတာမဟုတ်ပါဘူး။ နေ့လွဲညစာ မစားတာကို ပြောတာမဟုတ်ပါဘူး။ သင်္ကန်းဝတ်ထားတာကို ပြောတာမဟုတ်ပါဘူး။ ဖြောင့်မတ်တဲ့ အရည်အချင်းရှိသူကို ဆိုလိုတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အရည်အချင်းရှိသူကို ဆိုလိုတာဖြစ်ပါတယ်။ ဆည်းကပ်သူတွေကို လယ်ယာမြေကောင်းသဖွယ် အကျိုးအမြတ်ရရှိစေနိုင်တဲ့ အရည်အချင်းရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။
လှူဒါန်းတာထက် အဆများစွာပိုပြီး အကျိုးအမြတ်ရစေတဲ့ “လယ်ယာမြေကောင်းနဲ့ တူတဲ့သူ” ဖြစ်တယ်ဆိုတာ ဒီဘဝမှာ ညောင်စေ့လောက်လှူရင် နောင်ဘဝမှာ ညောင်ပင်ကြီးလောက် ရစေမယ်ဆိုတဲ့ ယုံတမ်းစကားမျိုး မဟုတ်ပါဘူး။
သံဃာရဲ့တာဝန်က မြတ်စွာဘုရားရဲ့ မဂ္ဂင်ရှစ်ပါး သမ္မာတရားတွေကို သူကိုယ်တိုင် ကျွမ်းကျင်တတ်မြောက်အောင်လုပ်ပြီး သူ ကျွမ်းကျင်တတ်မြောက်ထားတဲ့ အဲဒီ မဂ္ဂင်တရားတွေကို ဆွမ်းကမ်းကပ်လှူ ပူဇော်ထားသူတွေလည်း လေ့ကျင့်တတ်မြောက်အောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ လူတွေက မဂ္ဂင်တရားတွေကို လေ့ကျင့်တတ်မြောက်သွားတဲ့အခါ သမာတဲ့လူတွေဖြစ်ပြီး အချင်းချင်း ပဋိပက္ခ မဖြစ်တော့တဲ့အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်းက ငြိမ်းချမ်းသွားမှာပါ။ မဂ္ဂင်တရားတွေနဲ့ လူ့လောက ငြိမ်းချမ်းရေးဟာ တဆက်တစပ်တည်း ဖြစ်နေတဲ့အရာပါ။ ဒါမှ သံဃာတွေကို ဆည်းကပ်ပူဇော်သူတွေဟာ ပေးလှူတာထက် အဆများစွာသာလွန်တဲ့ လွတ်လပ်ငြိမ်းချမ်းမှုကို ရရှိမှာဖြစ်ပါတယ်။ လှူတာက ဆွမ်းတို့ ပရိက္ခရာတို့လောက် ဖြစ်ပေမဲ့ ပြန်ရမှာက လူ့အဖွဲ့အစည်းငြိမ်းချမ်းမှုအထိ ကြီးကြီးမားမား ပြန်ရရှိမှာဖြစ်ပါတယ်။
ပြည်သူလူထုကို သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သမ္မာတရားတွေနဲ့ ထိန်းမတ်ပဲ့ပြင်ပေးရမယ့် တာဝန်က မြတ်စွာဘုရားပေးအပ်ခဲ့တဲ့ သံဃာ့တာဝန် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သံဃာ့အဖွဲ့အစည်းဟာ အာဏာလုပြီး အုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက တာဝန်ပျက်ကွက်ခဲ့ပြီ ဖြစ်ပါတယ်။ မင်းဆိုးမင်းညစ်တွေရဲ့ လက်အောက်မှာ အာဏာစက်ကို ခွဲဝေရယူပြီး ပြည်သူလူထုကို ကျောခိုင်းခဲ့တာ သမိုင်းမှတ်တမ်းဝင်သွားပါပြီ။ မြတ်စွာဘုရားဟာ ဘယ်တုန်းကမှ အာဏာရှင်နဲ့ မပူးပေါင်းခဲ့ပါဘူး။ အာဏာစက်နဲ့ သာသနာပြုရမယ်လို့ ဘယ်တုန်းကမှ မညွှန်ကြားခဲ့ဖူးပါဘူး။ ဒါပေမဲ့ မြတ်စွာဘုရားရဲ့စကားကို သံဃာ့နာယကအဖွဲ့က လိုက်နာခဲ့ခြင်းမရှိဘဲ အာဏာရှင်စနစ်ထဲမှာ မဏ္ဍိုင်တခုအဖြစ် ပံ့ပိုးပေးနေခဲ့ပါတယ်။
အာဏာရှင်စနစ်ကို ဘာသာရေးခေါင်းဆောင်တွေက ပံ့ပိုးပေးခဲ့တဲ့ အစဉ်အလာဟာ ဒီနေ့အထိ ရှိနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ သံဃာ့ဂုဏ်ရည်ပြည့်စုံတဲ့ ရဟန်းကောင်း ရဟန်းမြတ်တွေကို မရရှိနိုင်ဘဲ ဖြစ်နေရပါတယ်။ သံဃာငါးသိန်းမှာ သံဃာ့ဂုဏ်ရည်နဲ့ ပြည့်စုံသူ ဘယ်လောက်ရှိမလဲ။
ဒါပေမဲ့ အတု အစစ် ခွဲခြားပေးမဲ့သူလည်း မရှိသလို ခွဲခြားပြရင်လည်း အာဏာစက်နဲ့ နှိပ်ကွပ်မှာက အသေအချာပါ။ ကိုယ်တိုင်ခွဲခြားနိုင်တဲ့ မှတ်ကျောက်ကို မြတ်စွာဘုရားက ပြောကြားခဲ့ပေမဲ့ ဒါကို လူသိမခံဘဲ ထိမ်ချန်ထားကြပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သံဃာ့ဂုဏ်ရည်ကိုးပါးဟာ ရွတ်ဖတ်တဲ့ ဂါထာတပုဒ်အဆင့်မှာပဲ ရပ်နေပြီး သံဃာအစစ် သံဃာအတု ခွဲခြားတဲ့ မှတ်ကျောက်အဖြစ် အသုံးချနိုင်တဲ့အဆင့်ကို မရောက်လာနိုင်တော့ပါဘူး။
နေ့စဉ် လူမှုဘဝမှာ လက်တွေ့အသုံးချရမယ့် သမ္မာတရား၊ မင်္ဂလာတရား၊ မေတ္တာတရားတွေလည်း ထိုနည်းတူပဲ ရွတ်ဖတ်တဲ့အဆင့်မှာပဲ လမ်းဆုံးနေခဲ့ပါပြီ။ ဒီလို ရွတ်ဖတ်နေရုံလောက်နဲ့ မြန်မာ့အသိုင်းအဝိုင်းမှာ အမြစ်စွဲနေတဲ့ ပဋိပက္ခတွေကို ဘယ်လိုမှ ဖြေရှင်းပေးနိုင်မယ် မဟုတ်ဘူးဆိုတာ သက်သေပြစရာမလိုအောင် ထင်ရှားနေပါပြီ။
သံဃာငါးသိန်းကို ဘယ်လောက်ပဲ လှူဒါန်းပူဇော်မှုတွေ ပြုစေကာမူ လယ်ယာမြေကောင်းမှာ စိုက်ပျိုးသလို အကျိုးအမြတ်မရရှိဘဲ ဖြစ်နေရပါတယ်။ ပိုဆိုးတာကတော့ အာဏာရှင်ပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို မက်မက်မောမောရယူပြီး အာဏာရှင်စနစ်ကို ပံ့ပိုးပေးနေတဲ့ လုပ်ရပ်တွေပါ။
၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုအပေါ် သစ္စာဖောက်တဲ့ အာဏာလု မင်းဆိုးမင်းညစ်တွေကို အပြတ်တော်လှန်ချေမှုန်းပြီး ပြည်သူလူထုက အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ဒီအချိန်မှာ အာဏာလု မင်းဆိုးမင်းညစ်အုပ်စုကို သိဒ္ဓိတင်ပေးနေတဲ့ သင်္ကန်းဝတ်တွေ၊ ပြည်သူလူထုနဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ကျောခိုင်းနေတဲ့ သင်္ကန်းဝတ်တွေကို ပြတ်ပြတ်သားသား ဝေဖန်ဖို့လိုပါတယ်။ ဘာသာရေးဗန်းပြပြီး လှည့်စားနေတာတွေကို လုံးဝ ပြစ်တင်ဖို့လိုပါတယ်။ သံဃာ့ဂုဏ်ရည် ချွတ်ယွင်းနေသူတွေကို သံဃာစာရင်းထဲမသွင်းဖို့ လိုပါတယ်။ ဒါဟာ အနာဂတ်နိုင်ငံတော်သစ်အတွက် လယ်ယာမြေကောင်းများ ဖော်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။