ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်မှာ မေ ၁ ရက် ညက မီးလောင်ပြီး လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မနေ့ ည ၆ နာရီ ၅၇ မိနစ်လောက်က မီးသတင်းရရှိခဲ့ပြီး မီးတောက်အားကောင်းနေတာကြောင့် ည ၇ နာရီ ၈ မိနစ်မှာ Level 1အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ၂ ထပ်အဆောက်အဦ တလုံးနဲ့ ပျဉ်ထောင်အိမ် ၃ လုံး လောင်ကျွမ်းပျက်စီးသွားကာ အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက "အသင်းကရောက်တော့ကို အိမ် ၂ လုံးလောက် မီးထဲပါပြီးနေပြီ။ အိမ်တွေက မီးတောက်အားကောင်းတာ၊ အိမ်ထဲက ဂက်စ်ဘူးတွေ ပေါက်တာမျိုးတွေ ရှိတယ်၊ အားလုံး ၄ လုံး ပျဉ်ထောင်အိမ်တွေ များတယ်၊ လူထိခိုက်မှုတော့ သိရသလောက် မရှိဘူး" လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို တောင်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့ ယာဉ်တွေနဲ့ နီးစပ်ရာ ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် ည ၇ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း သက်ဆိုင်ရာနယ်မြေ မီးသတ်တပ်ဖွဲ့က စုံစမ်းတွက်ချက်နေဆဲဖြစ်ပါတယ်။
ရန်ကုန်က တိုက်ကြီး၊ တွံတေး၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ မေ ၁ ရက်တည်း မီးလောင်မှု ဖြစ်စဉ် ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုက မြက်ခြောက်မီး၊ အမှိုက်ပုံမီးနဲ့ တောမီးလောင်တာတွေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ ( ပရဟိတများ သုခကာရီအသင်း)