ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိက အခြေခံပညာကျောင်းတွေက မေလ ၂ ရက် ဒီကနေ့ ပြန်လည် စတင်ဖွင့်လှစ် သင်ကြားနေပြီလို့ ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားမိဘတွေထံက သိရပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းဖွင့်ချိန်ဟာ ဇွန်လမှာဖြစ်ပေမယ့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကတော့ မေလကတည်း တလစောပြီးဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။ ဒါဟာ အရင်အစိုးရလက်ထက်ကတည်း ယနေ့အထိကျင့်သုံးနေတဲ့ ကိုယ်ပိုင်ကျောင်းဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်နေ ကျောင်းသားမိဘတဦးက “ကျောင်းတွေက စာမေးပွဲမဖြေခင်ကတည်းက ကျောင်းဆက်ထားမှာဆိုရင် ကျောင်းလခကြိုတင်ပေးသွင်းရမယ်လို့ သတ်မှတ်ထားတာ၊ ကျောင်းဖွင့်ချိန်ကလည်း မေလကတည်းက တလကြိုစောပြီး ဖွင့်မယ်လို့ မှာလိုက်တယ်။ ကျမတို့ကတော့ ဇွန်လမှပဲထားမှာ။ တလစာသက်သာလည်း မနည်းဘူး”လို့ ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဥပဒေမှာ ကျောင်းဖွင့်ချိန်တွေဟာ အစိုးရကျာင်းဖွင့်ချိန်အတိုင်း ဖွင့်လှစ်ရမယ်လို့သတ်မှတ်ထားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ ကိုယ်ပိုင်ကျောင်းတွေဟာ ဥပဒေကိုကျော်လွန်ပြီး အစိုးရကျောင်းတွေထက် တလစောပြီးဖွင့်လှစ်နေကြတာဖြစ်ပါတယ်။
အခုအခါ ကိုယ်ပိုင်ကျောင်းထားမယ်ဆိုရင် အတန်းအလိုက်ဈေးနှုန်းတွေသတ်မှတ်ထားပြီး တလကို အနိမ့်ဆုံး ကျပ် ၅၀၀၀၀ လောက်ကနေ ပေးဆောင်နေရပြီး ဖယ်ရီစီးမယ်ဆိုရင်တော့ အနီးအဝေးအပေါ်မူတည်ပြီး ကျပ် ၄၀၀၀၀ ကနေ ၅၀၀၀၀ အအထိ ပေးဆောင်နေရတာကြောင့် တလမှာ ကိုယ်ပိုင်ကျောင်းထားတဲ့ ကျောင်းသားတဦးရဲ့ စရိတ်ဟာ ကျပ် တသိန်းလောက်အထိ ကုန်ကျနေပါတယ်။