မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း The Youth Force (ဆော၊ ကျောက်ထု) လှုပ်ရှားနယ်မြေမှာ မတ် ၆ ရက်ကနေ ဧပြီ ၂၉ ရက်နေ့အထိ ၂ လအတွင်း တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ TYF (ဆော၊ ကျောက်ထု) က မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဂန့်ဂေါခရိုင် အမှတ် (၁၊၂၊၃၊၄၊၅၊၈၊၉၊၁၀) တပ်ရင်းတွေ၊ ဆော PDF(YRPA)၊CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဆော-ကျောက်ထု လမ်းပိုင်းတနေရာမှာ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး သေနတ်တလက် ဆုံးရှုံးခဲ့ရတယ်။ ဒီကောင်တွေကတော့ ပြည်သူတွေကို ဓားစာခံလုပ်ပြီးတော့မှ စစ်ကြောင်းထွက်တာမျိုးတွေ ပုံမှန်ပြုလုပ်နေတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကတော့ အများအားဖြင့် ကားလမ်းဘေးတွေမှာဘက် တိုက်ခိုက်ခဲ့ကြတာ” လို့ TYF(ဆော၊ကျောက်ထု) ရဲ့ ခေါင်းဆောင် ကိုဇင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေအတွက် အဓိကတော့ လက်နက်ရှိရင်တောင်မှ ကျည်ဆန် လိုအပ်ချက်တွေ နေပြီး စစ်တပ်ဘက်က ကျသွားတာ မြင်ခဲ့ရတာတောင် ကိုယ်ါဘက်က ရဲဘော်တွေက လက်နက်တွေ သွားကောက်ဖို့ အဆင်မပြေတဲ့ အနေထားမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မိဘပြည်သူတွေကို မိုင်းအန္တရာယ် အသိပညာပေး ဟောပြောတာတွေ ပြုလုပ်ခဲ့သလို အဓိကအားဖြင့် လေကြောင်းနဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေတူးဖို အသိပညာပေးတာတွေ လုပ်ပါတယ်။ ဒါ့အပြင် စစ်ရှောင်ကလေးတွေနဲ့ ဂိမ်းအတူကစား၊ အာဟာရကျွေးမွေးတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။