Home
မြန်မာသတင်း
ချောင်းသာ Supreme ဟိုတယ်တွင် အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
May 1, 2023
344057256_651528030129854_7149155528502302758_n
344107255_2053319648333569_2895466437958278865_n

ဧရာဝတီတိုင်း၊ ချောင်းသာမြို့၊ ချောင်းသာလမ်းမ၊ Supreme ဟိုတယ်ရှိ ရေချိုးခန်းမှာ ဧပြီ ၃၀ ရက် မနက်ပိုင်းက တည်းခိုသူအမျိုးသား ၂ ယောက် ဓာတ်လိုက်ခဲ့ပြီး ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ သေဆုံးသူနဲ့ သူငယ်ချင်းတွေက ချောင်းသာပင်လယ်မှာ ရေကူးပြီး ဟိုတယ်‌ရှိ ရေချိုးခန်းဝင်ချိန် ရေပူပေးစက်ကနေ လျှပ်ကူးကာ သူငယ်ချင်းဖြစ်သူကို စတင် ဓာတ်လိုက်နေခဲ့တာပါ။ 

ချောင်းသာအခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ဧည့်သည်အဖွဲ့ကနေ ရေကူးပြီး ပြန်တက်လာတယ်။ ဟိုတယ်ရောက်တော့ သူ့သူငယ်ချင်းကနေ ရေပန်းကို ဖွင့်လိုက်တာ ရေပန်းမှာက လျှပ်စစ်ဆွဲထားတာမျိုး ရှိတယ်။ အဲဒီကနေ ဓာတ်လိုက်တာ။ သေဆုံးသွားတဲ့သူက အနောက်က ဝင်ပြီး‌တော့ဆွဲတာပေါ့။ အဲဒီမှာ ဓာတ်လိုက်တဲ့သူက မသေဘဲနဲ့ ဝင်ကယ်ပေးတဲ့ သူက သေသွားတာ။ DB ကို ချောင်းသာဆေးရုံကနေ ရန်ကုန်ကို ပြန်ပို့ပေးထားပါတယ်။ သေသွားတဲ့သူက ကိုဗစ်ကာလမှာ ရန်ကုန်က ပရဟိတအသင်းတစ်သင်းမှာ ကူညီပေးနေတဲ့ လူငယ်တစ်ယောက်ပါ” လို့ ဆိုပါတယ်။ 

သေဆုံးသွားသူဟာ သူ့သူငယ်ချင်းဓာတ်လိုက်နေတာကို ဝင်ဆွဲရာက နှစ်ဦးစလုံး ဓာတ်လိုက်နေပြီး ‌ဟိုတယ်ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးအသင်းတွေက ဆေးရုံ အချိန်မီ ပို့ဆောင်ခဲ့ပေမဲ့ ဝင်ဆွဲသူ အမျိုးသားက သေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူက ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူအပါအဝင် လူ ၁၀ ဦးအဖွဲ့ဟာ ရန်ကုန်ကနေ လာရောက်သူတွေဖြစ်ပြီး ဧပြီ ၂၉ ရက်က အဆိုပါဟိုတယ်မှာ ၃ ခန်းယူ တည်းခိုနေတာဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တဦးက ''ရေဆင်းကူးပြီး ဟိုတယ်ပြန်ရောက်တော့ ရေပန်းဖွင့်ပြီး ချိုးတာ။ မြေအောက် ဝါယာလိုင်းက ပေါက်နေတာ မသိလိုက်တော့ ဓာတ်လိုက်သွားတာ။ ဓာတ်လိုက်တာတော့ ၃ ယောက်လုံး ဒါပေမယ့် အဲဒီ လူ တယောက်ပဲ သေသွားတာ ''လို့ ပြောပါတယ်။

ဓာတ်လိုက်သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၂၈ နှစ်အရွယ် မောင်နိုင်မျိုးလွင် (ခ) နောင်နောင်ဖြစ်ပြီး အလောင်းကိုတော့ ချောင်းသာဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဟိုတယ်နဲ့နီးစပ်သူတစ်ဦးက “သူတို့က ၁၀ ယောက်တစ်ဖွဲ့လာပြီးတော့ နေတယ်။ ပထမတစ်ရက် တည်းပြီးပါပြီ။ နောက်နေ့ ရေဆင်းကူးကြတယ်။ ပြန်လာတော့ ရေချိုးကြတယ်။ အဓိကက ရေကြောင့်တော့ မဟုတ်ပါဘူး။ ပိုက်တွေကလည်း PVC ပိုက်တွေနဲ့ လုံအောင်လုပ်ထားတာပါ။ ဟိုတယ်က ဖွင့်ထားတာ ကြာပါပြီ။ အခုလိုမျိုးလည်း မဖြစ်ဖူးပါဘူး။ အဲဒီမှာ ရေချိုးရင်းနဲ့ ဖြစ်တယ်ပြောလို့ ချက်ချင်းဆေးရုံပို့တယ်။ တစ်ယောက်က အသက်မမီတော့ဘူး” လို့ ဆိုပါတယ်။

မောင်နိုင်မျိုးလွင်(ခ)နောင်နောင် ဓာတ်လိုက်သေဆုံးမှုကို ချောင်းသာနယ်မြေရဲစခန်းမှာ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်သိဖို့  သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ‌အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ဟိုတယ်တာဝန်ရှိသူတွေက ကာယကံရှင် တွေနဲ့ ညှိနှိုင်းထားတယ်လို့ သိရပြီး ဘယ်လိုမျိုး တာဝန်ယူလုပ်ဆောင်ပေးထားတယ်ဆိုတာ Supreme ဟိုတယ်ဘက်က အသေးစိတ်ပြောပြခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024