စစ်ကိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာအနီး၊ ရွှေဘို- မန္တလေးကားလမ်းမှာ ဧပြီ ၂၈ ရက် ညနေက ဖွဲသယ်လာတဲ့ ကားနဲ့ ခရီးသည်တင် အန်စာတုံးကား တိုက်မိပြီး လူ ၂ ဦးသေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေဘိုအခြေစိုက် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် လူ ၉ ဦးပါ အန်စာတုံးကားပေါ်မှ အမျိုးသား ၂ ဦး သေဆုံး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဖွဲကားပေါ်ပါသူတွေတော့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ဖွဲသယ်ကားမှာ ဘယ်ဘက်ခေါင်းခြမ်းပျက်စီးသွားပြီး အန်စာတုံးကားရဲ့ ဘယ်ဘက်ခြမ်းနဲ့ ကားခေါင်မိုးတွေပါ ပျက်စီးသွားတာပါ။
"ကားနှစ်စီးတိုက်တာ၊ အန်စာတုံးကားနဲ့ ဖွဲကားတိုက်ပါတယ်။ လှတောတောင်ဘက်ကွေ့မှာ၊ ယောကျာ်း ၂ ယောက် သေပါတယ်၊ ၇ ဦး ဒဏ်ရာရ ရပါတယ်။ သေတဲ့သူတွေက ၃၀၊ ၃၅ ဝန်းကျင်ပါပဲ၊ ပခုက္ကူနယ်သားတွေပါ" လို့ ရွှေဘိုမြို့ခံ ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
အန်စာတုံးကားဟာ ပခုက္ကူမြို့ကနေ ဖားကန့်မြို့ကို ပြေးဆွဲလာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပြီး ကားပေါ်ပါသူတွေက ပခုက္ကူ၊ ချောင်းပြားရွာနေသူတွေလို့ သိရပါတယ်။
သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၇ ဦးအနက် ၅ ဦးကို ကယ်ဆယ်ရေးအသင်းတွေက ရွှေဘိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဧပြီ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်လောက်ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး waterboom မှတ်တိုင်အနီးမှာ အိမ်စီးကားအဖြူရောင်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သာကေတမြို့ နယ်လူမှုကူညီရေးအဖွဲ့ဝင်တဦးက “လမ်းဘေးက လက်ရန်းတွေကို အရင်တိုက်ပြီးမှ ဓာတ်တိုင်ကို ဝင်တိုက်တာ၊ ကားထဲမှာ လူတွေညှပ်နေတာကို အကြောင်းကြားလာလို့ ကားထဲမှာ ရှိနေတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး တို့ကို ကယ်ထုတ်နိုင်ခဲ့တယ်။ မြေပြင်ကုသမှုပေးပြုလုပ်ပေးခဲ့ပေမယ့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦး သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီးတဦးနဲ့ ဒဏ်ရာရလူနာတွေကို သာကေတမြို့နယ်က လူမှုကူညီရေးအသင်းများစုပေါင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။