မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၂ လမ်း၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား စက်မှု (၁) စျေးရှေ့ရှိ ထက်ဝေယံ စိန်ရွှေရတနာဆိုင်ကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က အမည်မသိ အမျိုးသား ၂ ဦးက ဓားပြတိုက်သွားတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။
စက်မှု ၁ စျေးထိပ်က ဦးကြင်ခဲပိုင် ထက်ဝေယံ စိန်ရွှေရတနာဆိုင်ကို အမည်မသိ အမျိုးသား၂ ဦးက လက်နက်တွေ ကိုင်ဆောင်ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားခဲ့တာလို့ ရွှေဆိုင်အနီးနေထိုင်သူတဦးက ပြောပါတယ်။
"စျေးထဲကနေ အမျိုးသား ၂ ယောက် သေနတ်တွေ ကိုင်ထွက်လာပြီး ရွှေဆိုင်ထဲဝင်သွားတာ တွေ့လိုက်တယ်၊ ဆိုင်ထဲရောက်တော့ ဆိုင်နံရံကို သေနတ် ၁ ချက်ပစ်ပြီး အားလုံးကိုဝပ်ခိုင်းတယ်။ နောက်ပြီး သူတိုထဲက တယောက်က ၁ ပေလောက်ရှိတဲ့ ဓားနဲ့မှန်ကောင်တာကို ရိုက်ခွဲပြီး ကောင်တာအတွင်းမှာရှိတဲ့ ရွှေတွေကို ဆာလာအိတ်ထဲထည့်ယူသွားပြီး စျေးထဲပြန်ပြေးဝင်သွားတယ်။"
ဓားပြတိုက်မှုကြောင့် ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ ကုံး၊ ရွှေနားကပ် ၃၈ ရံ၊ရွှေနားဆွဲ ၉၀ ခု၊ စုစုပေါင်း ရွှေချိန် ၉၀ ကျပ်သားနီးပါး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၅၂၀ လောက်ဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အခင်းဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက် စစ်ဆေးသွားခဲ့ပေမဲ့ တရားခံတွေကို မဖမ်းဆီးနိုင်သေးတဲ့အပြင် စကစရဲ့ ဝါဒဖြန့် ချန်နယ်ကနေ အခုလုပ်ရပ်ဟာ PDF အဖွဲ့ကလူတွေ လုပ်ဆောင်တာလို့ စွပ်စွဲရေးသားထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ဓားပြတိုက်မှု ပိုမိုများပြားလာခဲ့ရာ ဧပြီ ၁၉ ရက် နေ့လယ်ကလဲ စက်မှုစျေး စက်မှုရဲစခန်းအနီးက ထိပ်တန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရသလို မတ် ၂၇ ရက် ညနေက စိန်ကျော်မိုးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါအပြင် မတ် ၁၂ ရက် ဒေါ်တောမုန့်တီဆိုင် ဓားပြမှုနဲ့ မတ် ၁၄ ရက်က မြရည်နန္ဒာရပ်ကွက် ကုန်စုံဆိုင်အနုကြမ်းစီးမှုအတွင်း ပြစ်မှုကျူးလွန်သူတွေကို ဒီကနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။