စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ သစ်ပုန်းညိုရွာနဲ့ အောင်သာကုန်းရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီက မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ အင်းတော်မြို့နယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတကြောင်းနဲ့ ထီးချိုင့်မြို့ကနေ ဝဲကြီးရွာ၊ မရသိမ်ရွာတွေဘက်ကနေ စစ်ကြောင်းထိုးလာတာတကြောင်း၊ စုစုပေါင်း ၂ ကြောင်းနဲ့ ပိတ်ဆို့ဝင်ရောက်နေတာ ဖြစ်တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အောင်သာကုန်းရွာသားတဦးက “ထီးချိုင့်ကနေထွက်လာတဲ့ကောင်တွေက ဆင်ဖြူဆိပ်ရွာကို မီးရှို့ပြီး ဒီနေ့ မနက်ခင်း အစောပိုင်းက လိပ်ပုတ်ကုန်းရွာကနေ မဲဇာလေးရွာတွေကိုဖြတ်ပြီး ကျနော်တို့ရွာ အောင်သာကုန်းကို မီးရှို့တာဗျ။ အင်းတော်ဘက်ကလာတဲ့ကောင်တွေက သစ်ပုန်းညိုရွာကို မီးရှို့တာ။ ရွာကိုမီးရှို့တာလည်း စစ်ကြောင်း ၂ ကြောင်း တိုင်ပင်ထားသလား အောက်မေ့ရတယ်၊ တချိန်တည်းကို မီးရှို့တာ။ ဘာလို့ရှို့တာလဲဆိုတော့ အတိအကျ မသိရဘူးလေ။ သူတို့လာတယ်ဆို ပြေးပြေးဆို ပြေးရတာပေါ့ဗျာ။ ကိုယ့်မှာက လက်နက်မရှိတော့ လက်နက်ရှိတဲ့သူတိုင်းကိုတော့ ကြောက်ရတာပဲ။ အခုအချိန်အထိတော့ အောင်သာကုန်းရွာမှာ စစ်ကြောင်း ၂ ကြောင်း ပေါင်းနေတယ်လို့ ယူဆရတယ်။ စစ်ကောင်စီကတော့ ရွာထဲတွေရော လယ်ကွင်းတွေထဲရော တပ်ဖြန့်ထားတယ်။ အင်အားလည်းများတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ရွာနှစ်ရွာကိုမီးရှို့ပြီး တခြားတရွာဘက် စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတဲ့အချိန် ဒေသခံတွေက မီးလောင်တဲ့အိမ်တွေ မီးငြှိမ်းသတ်တာတွေ ဝင်လုပ်နိုင်ခဲ့တာကြောင့် သစ်ပုန်းညိုရွာက အိမ် ၉ လုံး၊ အောင်သာကုန်းက ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး နောက်တပြန် စစ်ကောင်စီတပ် ပြန်ဝင်ရောက်လာတာကြောင့် ထွက်ပြေးနိုင်တဲ့သူတွေ ရှိခဲ့သလို ပိတ်မိနေတဲ့ ရွာသားတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီကတော့ သူတို့စစ်ကြောင်းထိုးရာအနီးက ကျေးရွာတွေက ဒေသခံတွေကို ရွာထဲပဲနေကြဖို့၊ ရွာထဲမနေပဲ သူတို့လာလို့ဆိုပြီး ထွက်ပြေးတယ်ဆိုရင် လူမရှိတဲ့အိမ်တွေကို အထက်ကချတဲ့အမိန့်အတိုင်း မီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း လုပ်တယ်လို့ သစ်ပုန်းညိုဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ လက်ရှိ ညနေ ၅ နာရီအထိ အောင်သာကုန်းရွာထဲမှာပဲ ရှိနေသေးတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာကနေ သရက်တောကျေးရွာဘက်ကို ဧပြီ ၂၇ ရက် ညနေပိုင်းက စစ်တပ်နဲ့ ပျူစောထီးအင်အား ၁၀ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာရာ ကျောက်လုံးကြီး KLG PDF အဖွဲ့ ထောင်ထားတဲ့ တိုက်မိုင်းမိပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ KLG PDF အဖွဲ့က ထုတ်ပြန်ပါတယ်။
ကျောက်လုံးကြီး KLG PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအေတီက “သရက်တောဘက်ကို စစ်ကြောင်းထိုးလာတာ တိုက်မိုင်း ၁ လုံးမိပြီး နောက်ကြောင်းပြန်ဆုတ်သွားတယ်။ အလယ်ကျွန်းရွာဘက်က စစ်တပ်နဲ့ ပျူစောထီး ၁ ယောက်သေပြီး ၃ ယောက် ဒဏ်ရာရသွားတယ်။ PDF ဆိုတာ ပြည်သူကနေ ပေါက်ဖွားလာတာမို့ ပြည်သူများရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့အသက်အိုးအိမ်ကို အသေခံပြီး ကာကွယ်ပေးပါမယ်လို့ ပြောချင်ပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်မိုင်းထိပြီးနောက် စစ်တပ်နဲ့ ပျူစောထီးတွေက သရက်တောရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတော့ မရှိဘူးလို့ KLG PDF အဖွဲ့က ဆိုပါတယ်။