မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၃၇ နှစ်အရွယ် အမျိုးသားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ကနေ သိရပါတယ်။
မိုးကြိုးပစ်ခံရလို့ သေဆုံးသွားသူဟာ သထုံမြို့ ဆင်ဖြူကျွန်းကျေးရွာကဖြစ်ပြီး မိုးရွာနေတဲ့အချိန် သထုံဘူတာအနောက်ဘက်က လယ်ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ မိုးကြိုးပစ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတုအပူဒဏ်တွေကြောင့် ရုတ်တရက် မိုးရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စစ်မိုး၊ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်လေ့ရှိတာကြောင့် ရာသီဥတုအန္တရာယ်ကိုလည်း မိုးဇလဗေဒပညာရှင်တွေက သတိပေး ပြောဆိုထားပါတယ်။
မိုးရွာနေစဥ် မိုးကြိုးပစ်နိုင်ခြေရှိတဲ့ စက်ကွင်းနေရာတွေကို အသွားအလာ သတိရှိဖို့၊ အထူးသဖြင့် ကွင်းပြင်နေရာမျိုးမှာ ဖုန်းခေါ်ဆို ပြောဆိုတာတွေ မလုပ်ဖို့၊ အမိုးအကာမရှိဘဲ မိုးကြိုးစက်ကွင်းကနေ လွတ်မယ့်နေရာမျိုးမှာ နေထိုင်သွားလာ လုပ်ကိုင်ကြဖို့ မိုးဇလဗေဒပညာရှင်တွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မိုးရာသီကာလက မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သူတွေဟာ မြန်မာနိုင်ငံ တောင်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းဒေသဘက်တွေမှာ အများဆုံးဖြစ်ခဲ့ပြီး လယ်ကွင်းပြင်နေရာမျိုးနဲ့ ဖုန်းကနေတဆင့် မိုးကြိုးလျှပ်စီးဝင်ပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။