Home
မြန်မာသတင်း
ပုလောမြို့နယ်၌ နန်းတောင်စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရ၊ အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်ခတ်ပြီး ၁ ဦးသေဆုံး
DVB
·
April 27, 2023
343403898_3295148474129949_3947129721434120992_n
343446565_1387596495361747_2106763395295456496_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကရော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကပါ အထိအခိုက်မရှိဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက“နန်းတောင်ရွာဂိတ်စခန်းကို သွားခြောက်လှန့် ပစ်ခတ်တာမျိုးပါ။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ နန်းတောင်စစ်ဆေးရေးဂိတ်ထက် အမှတ် ၅ စစ်ဆေးရေးဂိတ်က စစ်ဆေးရေးပိုကြမ်းတယ်။ အမှတ် ၅ ဂိတ်မှာ စစ်ကောင်စီဘက်က ရိက္ခာတွေအပြင် ငွေကြေးတွေပါ သိမ်းဆည်းတာတွေရှိတယ်။ ဘာမှ အပိုသယ်လို့မရဘူး။ စစ်ကောင်စီဘက်က သိမ်းဆည်းထားတဲ့ဟာတွေကိုလည်း ပြန်ရောင်းစားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နန်းတောင်စစ်ဆေးရေးဂိတ်နဲ့ အမှတ် ၅ စစ်ဆေးရေးဂိတ်မှာ မီတာ ၅၀ အကွာအဝေးရှိပြီး အနီးနားမှာ မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတဲ့ စစ်ကောင်စီ ခလရ ၂၈၅ တပ်ရင်းလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နန်းတောင်စစ်ဆေးရေးဂိတ်နဲ့ ပုလောတံတားဂိတ်ကို ဒရုန်းနဲ့ ဗုံး ၂ လုံးချကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာမှာလည်း စစ်ကောင်စီတပ်သားတွေက ခရီးသွားအမျိုးသားနှစ်ဦးကို ဧပြီလ ၂၅ရက်၊ နေ့လယ် ၃ နာရီလောက်မှာ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ အမျိုးသားနှစ်ဦးထဲမှ ညောင်တုံးရွာသားမှာ သေဆုံးသွားပြီး ကျောက်ဆည်ရွာသားမှာ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“အမျိုးသား ၂ ဦးဟာ ကားမရှိလို့ ကျောပိုးအိတ်လွယ်ပြီး လမ်းလျှောက်လာတာ စစ်ကောင်စီတပ်သားတွေက မင်းထိန်မီးဖောင်းနားမှာ ပစ်ခတ်လိုက်တယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ မြိတ်အကျဉ်းထောင်မှ လွတ်လာပြီး နေရပ်ကို ပြန်မယ့်သူလို့ သိရပါတယ်။ တစ်ဦးမှာ သေဆုံးသွားပြီး တစ်ဦးမှာ ဝမ်းဗိုက်ကိုထိပြီး ဒဏ်ရာရှိခဲ့တယ်”လို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးတဲ့ဧပြီလ ၂၂ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်သားတွေက ပုလောမြို့နယ်၊ ပလဂိတ်မှာ အရပ်သား ၂ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024