ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ သောက်သုံးရေကန်တွေ အချိန်စော ခန်းခြောက်လာတာကြောင့် ရေရှားပါးမှုပြဿနာ အဆိုးဝါးဆုံး ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့ခံတဦးက “ရာသီဥတုပူပြင်းတာကြောင့် ဒီနှစ်မှာ ရသေ့တောင်မြို့ပေါ်က ရေကန်တွေ ရေခန်းခြောက်တာ မြန်တယ်ဗျ။ အဲ့ဒါကြောင့် ရေမခန်းတဲ့ ရေကန်တွေကို မနက်တချိန်နဲ့ ညတချိန် ရေခပ်ခွင့်ပေးထားတယ်။ လက်နဲ့ခပ်ခွင့်ပဲပေးတာ။ တွန်းလှည်းတွေနဲ့ လာခပ်ခွင့် မပေးထားဘူး။ တော်တော်လေး ဒုက္ခရောက်ကြရတယ်” လို့ ပြောပါတယ်။
ရေရှားပါးမှုကြောင့် ရေခပ်ချိန်ကို အကန့်သတ်တွေနဲ့ သုံးစွဲနေကြရတာကြောင့် ဒေသခံတွေဟာ ရေတအိုးတခွက်ရဖို့အတွက် အလုအယက် တိုးဝှေ့ခပ်ယူနေကြရတယ် လို့လည်း ဆိုပါတယ်။
“ရသေ့တောင်မြို့မှာ အဝီစိရေတွင်းတွေ တူးမရဘူး။ ရေကန်ကြီး ၃ ကန်ကို တမြို့လုံး အားကိုးနေရတာ။ ၃ ကန်မှာ ၂ ကန်က ရေခန်းသွားပြီး ကျန်တဲ့ရေကန်က ရေခပ်ချိန်ကို တရက်မှာ မနက်နဲ့ ည ၂ ချိန်သာ ခွင့်ပြုတာ ဘယ်လိုလုပ်ရေချိုးနိုင်မလဲ” လို့ ရသေ့တောင်မြို့ခံက ပြောပါတယ်။
ရေရှာပါးမှုပြဿနာကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပေးတာလည်း မရှိကြဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ ရေရှားပါးမှုပြဿနာ အဆိုးဝါးဆုံး ကြုံတွေ့နေကြရပြီး ရေပြဿနာဖြေရှင်းနိုင်ဖို့ ရေရှည်စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့လည်း ရခိုင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။