ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ ကုန်ပဒေသာမှတ်တိုင်အနီးမှာ ဧပြီ ၂၆ ရက် ညပိုင်းက တွဲကားကို ကားတစီးက ဝင်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ဧပြီ ၂၆ ရက်၊ ည ၁၀ နာရီလောက်က ၇/၈ လမ်းဆုံဘက်ကနေ မောင်းလာတဲ့ ISUZU NHR အမျိုးအစားကားဟာ ကုန်ပဒေသာမှတ်တိုင်အနီး အရောက်မှာ ရပ်ထားတဲ့တွဲကားကို အနောက်က ဝင်တိုက်ခဲ့တာပါ။
ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက “တွဲကားက ညပိုင်း ကားရပ်ထားတာ၊ ဒိုင်နာက ဝင်တိုက်မိတာ။ အရှိန်နဲ့ဆိုတော့ ကားက ခေါင်းခန်းကြေသွားတယ်။ တောင်ဒဂုံဘက်က မောင်းလာတာလို့ ပြောတယ်။ ၂ ဦးကတော့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာပါ၊ တဦးက အရိုးထိ၊ သွေးထွက်များတယ်။ မေဓာဝီဆေးရုံကြီး ပို့ထားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုအရှိန်ကြောင့် ISUZU ကားဟာ ခေါင်းခန်းတခြမ်းလုံး ပျက်စီးကာ ဘေးတစောင်းလဲသွားပြီး ကားခေါင်းခန်းမှာရှိတဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ အမျိုးသား ၂ ဦးမှာ ခြေလက်ပွန်းပဲ့ ပြတ်ရှဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်ကို အဓိက ချိတ်ဆက်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ကားတွေက ညပိုင်း လမ်းဘေးရပ်ထားလေ့ရှိတာကြောင့် ကုန်တင်တွဲကားတွေနဲ့ အိမ်စီးကား၊ လုပ်ငန်းသုံးကားတွေ မကြာခဏ တိုက်မိပြီး ယာဉ်မတော်တဆဖြစ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိတာနဲ့ အသက်သေဆုံးမှုအထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ဧပြီ ၂၆ ရက်အထိ ပြည်ထောင်စုလမ်းမပေါ်မှာ ယာဉ်မတော်တဆမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး လူ ၁ ဦးသေ၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေး မှတ်တမ်းအရ သိရပါတယ်။
ကုန်ပဒေသာမှတ်တိုင်က ထိခိုက်ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းအမျိုးသားကို မြောက်ဒဂုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။