ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီး ရုပ်ရှင်ရုံထိပ်အနီးမှာ ဧပြီ ၂၆ ရက် ညနေ ၆ နာရီလောက်က အသက် ၄၀ ဝန်းကျင်ခန့် အမျိုးသားတဦး အပူရှိန်လွန်ကဲပြီး သေဆုံးခဲ့တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။
သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်တဦးက ”သေဆုံးသူက ခန္ဓာကိုယ် အပူရှိန်မြင့်တက်ပြီး လဲကျနေတာကို ဖုန်းဆက်လာလို့ မြေပြင်မှာတင် သွားရောက်ပြီး ကုသမှုပေးခဲ့ပေမဲ့ ခန္ဓာကိုယ်အပူရှိန် မြင့်တက်နေတာကြောင့် သေဆုံးသွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို စံပြဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်” လို့ ပြောပါတယ်။
ဧပြီလလယ်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ အပူချိန်မြင့်မားတဲ့ပြဿနာ ကြုံတွေ့ရပြီး အပူချိန် မြင့်မားမှုကြောင့် မြန်မာနိုင်ငံက ဒေသတချို့မှာ ရေရှားပါးတဲ့ ပြဿနာ၊ လျှပ်စစ်မီး မမှန်တာတွေနဲ့ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် နောက်ဆက်တွဲရောဂါတွေနဲ့ သေဆုံးတာတွေ ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြင်းထန်တဲ့ အပူဒဏ်ကြောင့် အရွယ်မတိုင်ခင် သေဆုံးခြင်းနဲ့ မသန်စွမ်းခြင်းတို့ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပြီး အပူဒဏ်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြည်သူတွေ လိုက်နာလုပ်ဆောင်ကြဖို့ ထုတ်ပြန်ထားပါတယ်။