စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လပိုင်တင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တို့ ဧပြီ ၂၆ ရက် ဒီမနက် ၉ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခု PDF နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့ကနေ မရသိမ်ရွာ၊ ဝဲကြီးရွာ၊ မုတ်ဝရွာ၊ ကျွန်းပင်သာရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းပင်သာ စစ်ဘေးရှောင်တဦးက“တိုက်ပွဲကတော့ ရက်ရှည်ဖြစ်နေတာပဲ။ သူတို့ ဒီရွာရောက်လာပြီဆို တခြားတရွာ ပြောင်းရှောင်ရတာပေါ့။ ဒီနေ့လည်း လပိုင်တင်ရွာအနီး တိုက်ပွဲဖြစ်နေကြတာ။ လေယာဉ်နဲ့ လာမထုပါစေနဲ့လို့ပဲ ဆုတောင်းရမယ်ဗျ။ ကလေးတွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ပြေးရတာဆိုတော့ အတော်လေး ဒုက္ခရောက်တာ အမှန်ပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း ဝဲကြီးရွာအနီးမှာ အဆိုပါ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံး အများအပြားရှိခဲ့တာကြောင့် ဂျက်တိုက်လေယာဥ်အပါအဝင် လေကြောင်းပစ်ခတ်မှု ၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ရိုးရိုးဂျက်လေယာဉ်နဲ့ စစ်သားအင်အားဖြည့် ထပ်မံချတာတွေလည်း ရှိခဲ့တယ်လို့ ထီးချိုင့်ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “ဒီနေ့တိုက်ပွဲကတော့ ခဏတာဆိုပေမဲ့ ထိထိရောက်ရောက်ရှိတယ်ဗျ။ ကျနော်တို့ဘက်က နေရာအသာစီးယူပြီး လက်ဦးမှုရယူကာ တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများမယ်။ အတိအကျတော့ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ ၂ ဦး ကျဆုံးတယ်။ စစ်ရေးအခြေအနေကတော့ နှစ်ဖက်စောင့်ကြည့်အနေအထားပဲ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာကြောင့် အနီးအနားက ဆင်ဖြူဆိပ်ရွာ၊ ကိုက္ကိုကုန်းရွာ၊ ရေပေါက်ကြီးရွာ၊ သခွတ်ချောင် စတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ ၉ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ရွာလယ်ချောင်းတံတား အနီးမှာ ဧပြီ ၂၄ ရက် ည ၇ နာရီကျော်လောက်က မိုးကာအုပ်စီးလာတဲ့ ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကားက အင်းနက်ရွာကနေ ထွက်လာတာ။ အဲ့ရွာက စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားတာ။ ကားကို အမိုးအုပ်မစီးခိုင်းတာက စစ်သားတွေ ပါလာတတ်လို့၊ ပြည်သူကားတွေကို စစ်သားတွေက အမြဲချောဆွဲပြီး လိုက်ပါလာတတ်လို့ မိုးကာအုပ်မစီးခိုင်းတာ။”
အင်းနက်ရွာကထွက်လာတဲ့ ၁၂ ဘီးကား ၃ စီးကို စစ်ကောင်စီတပ်စစ်သားတွေ ပါလာတယ်လို့ သတင်းရရှိတာကြောင့် မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးကားဘော်ဒီကို ထိမှန်ပျက်စီးခဲ့ကာ ကားက မိုင်းကွင်းအကျော်မှာ ထိုးရပ်သွားခဲ့တယ်လို့ ပြောပါတယ်။
ကားပေါ်မှာ စစ်သားတွေမပါလာဘဲ ကားအလွတ်တွေပဲဖြစ်ပြီး ပျက်စီးသွားတဲ့ကားကို ဧပြီ ၂၅ ရက် မနက်မှ လာသယ်သွားတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ သတ်မှတ်ချိန်ကျော်လွန်ပြီး ကားလမ်းအသုံးပြုတာ၊ မိုးကာအုပ်လာတာ၊ ၃ စီးကားတန်းဖြစ်နေတာ၊ ကားပေါ်မှာ ကုန်ပစ္စည်းတခုမှမပါတာ စတဲ့ စည်းကမ်း ဖောက်ဖျက်မှုတွေကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။