Home
မြန်မာသတင်း
စစ်ကောင်စီတပ်က သံတောင်မြို့တွင်းကို ပစ်ခတ်၊ ပြည်သူ ၁ ဦးထိမှန်
DVB
·
April 26, 2023
ThanTaung
343309327_797751941921557_7953782289058841387_n

ကရင်ပြည်နယ်၊ သံတောင်မြို့တွင်းကို စစ်ကောင်စီတပ်စခန်းကနေ ဧပြီ ၂၅ ရက် ည ၇ နာရီလောက်က လက်နက်ကြီးအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်း၊ တောင်ငူ-သံတောင်သွား ကားလမ်းဘေးက ၇ မိုင် တပ်စခန်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလို ပစ်ခတ်ခဲ့တဲ့အတွက် အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အဘွားတဦး လက်နက်ကြီး ထိမှန်ခဲ့တာပါ။

ပဲခူးတိုင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-s) အရပ်သားကိုယ်စားလှယ် ဦးစောဒီထူးက “အခြေအနေကတော့ လက်နက်ကြီးဒဏ်ကြောင့် အဘွားကြီးတယောက်တော့ ထိသွားတယ်။ အခု တောင်ငူကိုတော့ ပို့လိုက်ပြီ။ လက်နက်ကြီးအစ မှန်သွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က ဘာ သတင်းအချက်အလက် ကြောင့်ဆိုတာ မသိရပေမဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို မြို့ပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ပါ လှမ်းပစ်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နေ့တိုင်း စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူ ၈,၀၀၀ ကျော်ဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ပိုင်းဆိုင်ရာနဲ့ အုပ်ချုပ်ရေး၊ မြို့မိမြို့ဖ၊ ဘာသာရေးခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ မြို့ခံပြည်သူတချို့ ပြန်လည်နေထိုင်တာတွေရှိသလို နယ်မြေတည်ငြိမ်မှ အိမ်လုံးကျွတ်ပြန်လာဖို့ လုပ်ဆောင်နေတုန်း အခုလိုပစ်ခတ်မှုတွေကြောင့် ပြန်လာဖို့ တုံ့ဆိုင်းသွားနိုင်တယ်လို့ အရပ်သားကိုယ်စားလှယ်က ပြောပါတယ်။

ဧပြီ ၂၄ ရက် မနက်ပိုင်းကလည်း သံတောင်ကြီးမြို့နယ် သံမိုတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024