သေလို့မဖြစ်သေးဘူး ငါ့တူကြီးရေလို့ ဘကြီးက ဘကြီးထုံးစံအတိုင်း အရင်းမရှိ အဖျားမရှိ ဖုန်းစဝင်လာတာနဲ့ ပြောချလိုက်တယ်။ တူဝရီးအရင်းတွေမို့ ဒီလောက်ဆို ဘကြီးပြောချင်နေတာ လတ်တလော ကျော်ကြားနေတဲ့ ကြောက်မက်ဖွယ် နွေအပူအကြောင်း ဆိုတာ ကောင်းကောင်းသိလိုက်တယ်။
“ပူလိုက်တဲ့နွေကွာ၊ ခွေးလိုဟောင်နေတဲ့ မင်းအောင်လှိုင်က တိုင်းပြည်စီးပွားတိုးတက်ပါတယ်လုပ်မှ ရာသီဥတုတောင် မခံမရပ်နိုင်ဖြစ်ပြီး ပူပစ်လိုက်တာလား မသိဘူး။ ပူကလည်းပူ၊ တိုင်းပြည်စီးပွား တိုးတက်လာလို့ မီးကလည်း မလာသလောက်နီးနီးပဲ။ မီးမလာလို့ မီးစက်နဲ့ ဆီဖြည့်သုံးရအောင်ကလည်း ဆီဈေးက အပေါ်လေမိနေတာ ပြန်မဆင်းတော့ဘူး”တဲ့။ ဘကြီးက အဲဒီလို သူ ပြောချင်တာကို တောက်လျှောက်လွှတ်တော့တယ်။
ဘကြီးခမျာ အပူကြီးလွန်းလို့ အခု မြို့ပေါ်က သူ့တိုက်အိမ်မှာ မနေနိုင်။ သင်္ကြန်မတိုင်ခင်ကတည်းက မြို့နဲ့ခပ်လှမ်းလှမ်းက သူ့သစ်သီးခြံကြီးထဲ ပြောင်းနေနေတာတဲ့။ ဘကြီးရဲ့ သစ်သီးခြံက ခြံတဝင်းလုံး အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ ဘာပဲပြောပြော လေမတိုက်ရင်တောင် နေပြောက်မထိုးတဲ့ အရိပ်အောက် အပူမကြီးဘဲ နေသာတယ်ဆိုတော့ မဆိုးလှ။
“ဘကြီးသူများတွေလို ဆိုလာလေး ဘာလေး မဝယ်ဘူးလား။ အဲကွန်းမဟုတ်တောင် အဲကူလာလောက်နိုင်တဲ့ ဆိုလာနည်းနည်းကြီးကြီး ဝယ်ပြီး ခပ်အေးအေးနေပေါ့” လို့ ကျနော်က အကြံပြုလိုက်တယ်။ မိတ်ဆွေတယောက်ပြောပြလို့ အခုတလော ရန်ကုန်မှာ ငွေတတ်နိုင်သူတွေက သိန်း ၁၀၀၊ ၂၀၀ ရင်းပြီး ဆိုလာခပ်ကြီးကြီးတွေ ဝယ်တပ်နေတယ်လို့ ကြားထားတယ် မဟုတ်လား။ ကိုယ့်ဘကြီးကလည်း တောသူဌေး၊ အသက်ကလည်း ၈၁ နှစ်ထဲမှာဆိုတော့ ကိုယ့်ဘကြီးကို အေးအေးချမ်းချမ်း နေစေချင်တာကိုး။
“မဝယ်ချင်ပါဘူး ငါ့တူကြီးရယ်။ တိုက်ပွဲဝင်နေတဲ့ PDF တွေနဲ့ အညာက စစ်ခွေးတွေလိုက်သမျှ ပြေးနေရသူတွေကို အားနာလွန်းလို့။ ပိုက်ဆံအကုန်ခံပြီး ဇိမ်ခံရမှာတွေ ဘာမှမလုပ်ဘူး။ ပြီးတော့ အသက်ကြီးလာတဲ့အချိန်မှာ ပိုခြိုးခြံတတ်ဖို့ လိုတယ်မဟုတ်လား” တဲ့။ ဘကြီးက အဲဒီလို ခပ်ပြတ်ပြတ်။ ဘကြီးခေါင်းထဲရှိနေတာဆိုလို့ လစဉ် တော်လှန်ရေးနဲ့ စစ်ဘေးသင့်တွေကို ကူဖို့ပဲ။
အဲဒီလို လှူနိုင်ကူနိုင်ဖို့ ကျန်းမာရေးကောင်းဖို့လိုတယ်၊ စိတ်ဓာတ်မကျဖို့လိုတယ်။ နှစ်များစွာကြာ ပြုမြဲအတိုင်း မနက်စောစောထ ချွေးပြိုက်ပြိုက်ကျတဲ့အထိ တနာရီကြာ လမ်းလျှောက် လေ့ကျင့်ခန်းယူ။ ပြီးရင် အစဉ်အလာမပျက် ဆိုင်ကယ်ပေါ်တက်ကာ လက်ဖက်ရည်ဆိုင်သို့ ချီတက်။ ဘကြီးက အရင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲမတိုင်ခင် 7Day သတင်းစာနဲ့ ဒီလှိုင်းဂျာနယ် လပေးယူနေကျ။ မနက်ခင်း လက်ဖက်ရည်ပြင်းပြင်း တခွက်နဲ့ လတ်လတ်ဆတ်ဆတ် သတင်းတွေ ဖတ်ရတဲ့အရသာဟာ ဒီနေ့မနက်မှာ တခုခု ပြီးမြောက်သွားသလိုမျိုး ခံစားမှု။ အခုတော့ ဖတ်ရမယ့်သတင်းစာ၊ ဂျာနယ်လည်း မရှိတော့တာကြာ။ ခွေးကိုက်ခံရမှာစိုးလို့ ကိုယ်ဖတ်ချင်တဲ့စာအုပ်တောင် လက်ဖက်ရည်ဆိုင်မှာ မဖတ်ရဲတဲ့ဘဝ။
“အခုတော့ ဘကြီးလည်း ဆရာကြီးရွှေဥဒေါင်းစာအုပ်တွေလောက်ပဲ လက်ဖက်ရည်ဆိုင်သွားရင် ဖတ်နေရတယ်” တဲ့။
ဖတ်စရာ သတင်းစာတွေမရှိတော့ ဘကြီးလည်း ဖေ့စ်ဘွတ်ခ်ကိုသာ ပွတ်ရတော့တယ်။ ဘကြီးက သူဌေးလည်း သူဌေး၊ အရင်က NLD ကို အတိအလင်း ထောက်ခံအားပေးခဲ့သူ။ ပြီးတော့ ၂၀၂၂ ခုနှစ်တုန်းက ဘကြီးတို့မြို့မှာ ဖေ့စ်ဘွတ်ခ်ပေါ် နိုင်ငံရေးပို့စ် တင်တဲ့သူတွေကို ရှာဖမ်းပြီး သိန်းသုံးလေးဆယ် ငွေညှစ်တာ ခေတ်ထလိုက်သေးတာဆိုတော့ ဘကြီးခမျာ ဖေ့စ်ဘွတ်ခ်ကိုလည်း ဗြောင်မသုံးရဲ။ ဖေ့စ်ဘွတ်ခ်တွေ ဘာတွေသုံးလို့မရတဲ့ ကီးပက်ဖုန်း အလုံးထွားထွားကြီးကို အများမြင်သာအောင် ခါးမှာချိတ်ထား။ နေ့ခင်းဘက် သစ်သီးခြံထဲသွားပြီး ဝှက်ထားတဲ့ ဖုန်းကိုထုတ်ကာ ဖေ့စ်ဘွတ်ခ်ခိုးပွတ်၊ နိုင်ငံရေးစကား ပြောချင်ရင် ဆစ်ဂနယ်ဖွင့်ပြီး ကျနော်ဆီ တော်ကီလွှတ်တော့တာပေါ့။
အခု သစ်သီးခြံထဲမှာသာနေနေတော့ ဖေ့စ်ဘွတ်ခ်လည်း ပိုပွတ်ဖြစ်ပြီး မြို့ကလေးရဲ့ မမြင်ချင် မကြားချင်တာတွေကိုလည်း ကန့်လန့်ကာချထားသလိုမို့ အပူသက်သာရုံတင်မက စိတ်လည်း တော်တော်ချမ်းသာတယ်လို့ ဘကြီးကဆိုရဲ့။
ဘကြီးတို့မြို့ကလေးမှာ PDF တွေ မရှိသလောက်နီးနီးဆိုတော့ စစ်အုပ်စုအနွယ်တွေက သူတို့ငွေရရေးသာ အဓိက၊ ပြည်သူကို လည်မျိုညှစ် ထင်ရာစိုင်း။ ပထမ နိုင်ငံရေးနဲ့ ဆက်နွှယ်သူတွေကို ဖမ်းပြီး ငွေညှစ်ကာ စီးပွားရှာ။ အဲလို အမှုရှာလို့ရတဲ့သူတွေ ခန်းသွားပြီဆိုတော့ နိုင်ငံရေးပို့စ်တင်သူတွေကိုဖမ်း။ သူဌေးကြီးတွေကိုလည်း PDF ကို ထောက်ပံ့နေသလို အကြောင်းပြချက်နဲ့ ဖမ်းပြီး ငွေညှစ်။ ဘကြီးက သူဌေးကြီးစာရင်းထိ မဝင်၊ ဟိုမရောက် ဒီမရောက်နဲ့ အသိုင်းအဝိုင်းလည်း ကောင်းနေသလို နိုင်ငံရေးတွေ ဘာတွေနဲ့ မပတ်သက်သလို သရုပ်ဆောင်ချက်ကလည်း ပီပြင်တာမို့ အန္တရာယ်ကင်းနေသေးတာပ။
“ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မင်းအောင်လှိုင်နဲ့ကျမှပဲ သေချာနားလည်မိတော့တယ်” လို့ ဘကြီးက ပြောသေးတယ်။
သူဌေးတွေကို ဖမ်းဆီးငွေညှစ်ပြီးနောက် ဘကြီးတို့မြို့ စစ်အုပ်စုဝင်တွေရဲ့ နောက်ထပ် စီးပွားရှာချက်က လောင်းကစားဝိုင်း။ မြို့နဲ့ တော်တော်လှမ်းတဲ့ ရွာ ၂ ရွာကြား နေပြောက်မထိုးတဲ့ ရော်ဘာတောအုပ်ကြား ကျယ်ကျယ်ပြန့်ပြန့် တနေရာမှာ လောင်းကစားမျိုးစုံဖွင့်လှစ်။ ရဲအစောင့်အရှောက်တွေ ပျူစောထီး အစောင့်အရှောက်တွေနဲ့ အဲဒီလောင်းစကားဝိုင်းကို လူလည် BGF (နယ်ခြားစောင့်တပ်) တကောင်က လာဖွင့်တာတဲ့။
“လိုင်းကြေးကို နင့်နေအောင်ပေးထားပြီး ဖွင့်တာ။ အဲဒီလောင်းကစားဝိုင်းနေရာမှာ ဆိုင်ကယ်နဲ့ ကား အပေါင်ဆိုင် အဆင်သင့်ဖွင့်ထားတယ်။ အရက်၊ ဘီယာရတဲ့ စားသောက်ဆိုင်ရော စိတ်ကြွဆေးရောင်းတဲ့ကောင်ရော အကုန်အဆင်သင့်ရတယ်။ လာလိုက်ကြတဲ့လူတွေကွာ။ ဘကြီးတို့မြို့ပေါ်ရော ရွာတွေရော၊ တခြားမြို့က လောင်းကစားသမားတွေရော စည်လိုက်တာမှ ဘုရားပွဲကျနေတာပဲ” လို့ ဘကြီးက ပြောပြတယ်။
အဲဒီလောင်းကစားဝိုင်း ၆ လလောက်ကြာတော့ လူတွေလည်း ပြုတ်ပြုတ်ပြုန်း။ လင်မယားရန်ဖြစ်သံတွေ ကျယ်ကျယ်လောင်လောင်။ အိမ်တွေပေါင်ကြ၊ ခြံတွေရောင်းကြ။ တချို့ ထိုင်းမှာ နှစ်လရှည်ကြာ ဒုက္ခခံ အလုပ်လုပ်ပြီး ရှာထားခဲ့သမျှ ဖြူကာပြာကာကျလို့ ထိုင်းကိုပြန် အလုပ်လုပ်ရသတဲ့။
လောင်းကစားဝိုင်း ၆ လလောက်အကြာ လာကစားသူပါးလာပြီး ထိုးကြေးလည်း နည်းလာတဲ့ အခါကျတော့ BGF ဆိုတဲ့ကောင်က အထုပ်ပိုက်လို့ ပြန်သွားလေရဲ့။ ဘကြီးတို့မြို့ရဲ့ စစ်အုပ်စုဝင်တွေက လိုင်းကြေးတွေ နင့်နေအောင်ရကာ ပါးနပ်တဲ့ရဲတချို့က အောက်ဈေးနဲ့ရောင်းတဲ့ အိမ်တွေခြံတွေကိုတောင် လိုက်ဝယ်ထားလိုက်သေး။
“ဒီကောင်တွေ(စစ်အုပ်စုဝင်)ကို ဘကြီး သေချာလေ့လာကြည့်တာ မင်းအောင်လှိုင်တွေဘာတွေ ထောက်ခံတာမျိုးလည်း မဟုတ်ဘူး။ ခေတ်ပျက်ကြီးထဲ ကိုယ်စီးပွားဖြစ်အောင် လုပ်မယ်ဆိုတဲ့ကောင်တွေ။ မင်းအောင်လှိုင်ဘက်ကနေ အသေခံတိုက်မယ်ဆိုတဲ့ကောင် တကောင်မှ မပါဘူး။ ဒါပေမဲ့ ဒီလိုကာလမျိုးမှာ မိုးခါးရေကောင်းကောင်းသောက်နိုင်တော့ ဒီမိုကရေစီ လုံးဝမလိုချင်ဘူးဆိုတဲ့အထိ ထိပ်ဆုံးကပါတဲ့ကောင်တွေပဲ” လို့ ဘကြီးက သုံးသပ်တယ်။
အခုလည်း ဧပြီတလလုံး ဘကြီးတို့မြို့မှာ အစဉ်အလာ ဘုရားပွဲတွေက နေ့တိုင်းရှိနေတော့ ဘုရားပွဲ အကြောင်းပြပြီး ပျော်သူကပျော်ကြ။ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေလုပ်ကြ။ စစ်အုပ်စုဝင်တွေ ကိုယ်တိုင်က လောင်းကစားဝိုင်း လုပ်ချင်သူတွေ လာရောက်ဆက်သွယ်နိုင်ကြောင်း သူတို့အသုံးတော်ခံ ပျူစောထီးတွေကနေတဆင့် လမ်းကြောင်းဖွင့်ပေးနေကြ။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာတော့ ပြည်သူတွေ အပိုင်းပိုင်းပြတ် သေနေလိုက်ကြတာ၊ ပြည်သူတွေ အသတ်ခံနေရတာ သူတို့နဲ့ ဘာမှမဆိုင်သလိုမျိုး။
တိုင်းပြည်ပျက်နေတာကို ဒီအတိုင်း ငုပ်တုပ်ထိုင်ကြည့်နေရတာ စိတ်ဆင်းရဲစရာကောင်းပေမဲ့ စိတ်ဓာတ်မကျဖို့တော့လိုတယ်လို့ ဘကြီးက ဆက်ပြောတယ်။
အမေစု ပြန်လာတာကို ကြိုရဦးမယ်။ မြန်မာ့နွေဦး၊ မြန်မာ့ဒီမိုကရေစီ အောင်မြေကို ကျိန်းသေပေါက် ရောက်မှာသေချာ၊ ဟောဒီ မိုးသက်လေပြင်းကြားကနေ ရအောင် ဖောက်ထွက်ကြရမယ်လို့ ဘကြီးက ဆိုတယ်။
အသက် ၈၀ ကျော်အရွယ် အဘိုးကြီးတဦးက အာဏာရှင်တွေရဲ့ ဈာပနမှာ ပြည်သူတွေအားလုံး ပြန်ဆုံ၊ သံပြိုင်လက်ခုပ်တီးကြရအောင်လို့ လက်သီးကို တင်းတင်းဆုပ်ကာ ဆက်ပြောနေတော့ ကျနော် အသက်ရှူဖို့ရာ ခဏမေ့သွားတယ်။
ဟုတ်တယ်၊ ကျနော်တို့ စိတ်ဓာတ်မကျကြဖို့ လိုပါတယ်။
ထွန်းလင်း