စစ်အာဏာရှင်တော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာ ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အကြိမ်ရေ ၂၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၄၅၄ ယောက်နဲ့ CDF ရဲဘော် ၅၅ ယောက် ကျဆုံးခဲ့တယ်လို့ ဧပြီ ၂၄ ရက် CDF-မင်းတပ်ရဲ့တော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
CDF-မင်းတပ်အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ပျက်သုဥ်းရေးအတွက် ၂၀၂၁ နှစ် ဖေဖော်ဝါရီ ၄ ရက် ညက စတင်ပြီး လမ်းမပေါ်တွေမှာ Spray Campaign ပြုလုပ်ကာ ဖေဖော်ဝါရီ ၈ ရက် မှာ ငြိမ်းချမ်းစွာဆန္ဒဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
မင်းတပ်မြို့ ဗိုလ်ချုပ်ရေးရုပ်အရှေ့မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က "NUG"စာတန်း ရေးသားကာ လူမဲ့သပိတ်လုပ်ဖို့ စာရေးနေသူ ၇ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့တာ အခုဧပြီ ၂၄ ရက်ဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်း၊ ဖမ်းဆီးတာတွေ လုပ်လာမယ်ဆိုရင် ချင်းရိုးရာ ဓလေ့ထုံးစံနဲ့ ပြန်လည်ခုခံ လက်တုံ့ပြန်သွားမယ်လို့ သပိတ်မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
CDF-မင်းတပ်အနေနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ လက်တွဲပူးပေါင်းကာ ခုခံ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်ကို ဆက်သွယ်ခဲ့ပေမယ့် လေကြောင်းရန်အန္တရာယ်ရှိနေဆက်သွယ်လို့ မရသေးပါဘူး။