ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်နဲ့ သုံးဘီးတွေကို စည်းကမ်းမဲ့ ဖမ်းဆီးနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်အဖမ်းခံရသူ လူငယ်တဦးက “ဦးထုပ်မဆောင်းလို့ ဖမ်းတယ်တဲ့။ ဥပဒေအရ ဖမ်းတာကို လက်ခံပါတယ်။ ဖမ်းရင် တမြို့လုံးကို ဖမ်းပေါ့ဗျာ။ အခုက သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတယ်။ ဖမ်းချင်တဲ့သူကို ဖမ်းတယ်။ လိုင်စင်စစ်တယ်။ စစ်တွေတမြို့လုံးမှာ လိုင်စင်မဲ့ဆိုင်ကယ် ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့ဒါတွေပါ ဖမ်းပေါ့။ အခုက စည်းကမ်းမဲ့ ဖမ်းဆီးနေကြတာ” လို့ ပြောပါတယ်။
စစ်တွေမြို့မှာ ယဥ်ထိန်းရဲတွေက ဧပြီ ၂၅ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲအကူတပ်ဖွဲ့ရုံးရှေ့မှာ သွားနေကြတဲ့ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်သက်တမ်းကုန်နဲ့ အမောင်းလိုင်စင်မရှိတဲ့ သုံးဘီးတွေကို တမြို့လုံးအနေအထားနဲ့ ဖမ်းဆီးခြင်းမရှိဘဲ စည်းကမ်းမဲ့ ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
တရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ရသူ သုံးဘီးသမားတဦးက “သုံးဘီးနဲ့ ဆိုင်ကယ်ဖမ်းတာ အစီး ၅၀ ကျော်လောက်ရှိမယ်။ တရားရုံးကိုတင်ပြီး ဒဏ်ရိုက်တာက ၆ ဦးပဲရှိတယ်။ ကျန်တာတွေကို ထပ်တင်မလား မတင်ဘူးလားတော့ မပြောတတ်ဘူး။ တရားရုံးမှာ ဒဏ်ငွေက ၂၀,၀၀၀ ပေးခဲ့ရတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ် ၇ ရက် ချမယ်လို့ တရားသူကြီးက ပြောတယ်။ စာရေးကတော့ ဒီဒဏ်ငွေ ၂၀,၀၀၀ က သူတို့ယူမှာမဟုတ်ဘူးတဲ့၊ နိုင်ငံတော်ကို ပေးဆောင်ရတာလို့ ပြောတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်နဲ့ သုံးဘီးအစီးရေ ၅၀ ကျော်လောက်ရှိပေမဲ့ တရားရုံးမှာ မော်တော်ယာဥ်ဥပဒေပုဒ်မ-၈၇ နဲ့ ဒဏ်ငွေဆောင်ခံရသူ ၆ ဦးသာရှိပြီး ကျန်သုံးဘီးနဲ့ ဆိုင်ကယ်တွေကို တရားရုံးတင်တာ မရှိဘူးလို့ သုံးဘီးသမားတွေထံက သိရပါတယ်။