Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်တပ်ဖမ်းဆီးသွားသည့် ရွာသား ၁၀၀ နီးပါး ပြန်လွတ်
DVB
·
April 25, 2023
342728981_213223901448059_5806641703905042388_n

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တဲ့  ရွာခံ ၁၀၀ နီးပါး အဲဒီနေ့ညနေပိုင်းမှာပဲ အကုန်ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့မနက် ၇ နာရီခွဲလောက်မှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် ဖမ်းဆီးရမိသူတွေကို ရွာဦးကားလမ်းဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တာပါ။

ပြန်လွတ်လာတဲ့ ရငဲရွာခံတဦးက “စစ်လည်း သိပ်မစစ်ဘူး၊ PDF တွေကို ရွာက ထောက်ပံ့နေတာမလား ဆိုပြီး မေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်တာမျိုးတော့မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရငဲကျေးရွာအနီး မဖမ်းဆီးခင် ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ အဲဒီနေ့က ဘာလို့ ရွာခံတွေကို ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ မသိရပါဘူး။

အသက် ၅၀ ခန့်ရှိ ရငဲရွာခံ အမျိုးသားတဦးကတော့ “ဖမ်းတာက ဘာလို့ဖမ်းလဲ သေချာမသိကြဘူး။ အခုလည်း ပြန်လာမယ်လိုလို ကြားနေကြလို့ ရွာသားတွေ လန့်နေကြတယ်။ လာတာသေချာရင်တော့ ရှောင်မလို့ လုပ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၃ ရက်က ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ပိတ်ထားတဲ့ စျေးဆိုင် ၃ ဆိုင်ခန့်ကိုလည်း ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ရွာသားတွေထွက်ပြေးကြလို့ သေနတ် ၅ ချက်လောက်လည်း ပစ်ဖောက်ခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါတယ်။

အင်အား ၃၀ ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၄ ရက် မနက် ၄ နာရီလောက်မှာတော့ ရငဲရွာထဲကနေ ပြန်ထွက်သွားပြီး အနီးအနားက ဝဲရစ်ရွာထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ဝဲရစ်ရွာသား ၂၀ ခန့်ကို ပြန်လွှတ်ပေးပြီး မနက် ၁၀ နာရီလောက်မှာ ရွာထဲက ပြန်ထွက်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ ရွာအနီးမှာပဲ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ဦးခန့် ထိခိုက်သေဆုံးတာ ရှိတယ်လို့ ပြောပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024