Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် ဘုရားဖူးယာဉ် ၁ စီး မီးလောင်ပျက်စီး
DVB
·
April 25, 2023
342986486_782327899741014_6281875233672214679_n

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားရွာနားမှာ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်းက ဘုရားဖူးယာဉ်တစ်စီး အပူရှိန်မြင့်တက်ကာ တာယာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ကားပေါ်မှာ ယာဉ်မောင်းအပါ ၄၅ ဦးနဲ့ ရန်ကုန်မှ ပုဂံကို ဘုရားဖူးထွက်လာကြတာဖြစ်ပြီး နံနက်ပိုင်း ပုဂံက ပြန်ထွက်လာကတည်းက ‌ကားလေအိတ်ပေါက်ကာ ဘရိတ်ရှုးငြိ လာတာလို့ သိရပါတယ်။ 

ကျောက်ပန်းတောင်းအရောက်မှာ ကားပိုင်ရှင်ဖြစ်သူက ကားတာယာကို ရေလောင်းလိုက်ရာမှ တာယာပွင့်ထွက်ပြီး ကား တစ်စီးလုံး မီးလောင်သွားခဲ့တာပါ။ 

မြို့ခံကယ်ဆယ်ရေးအသင်းက "ကားကတော့ ရန်ကုန်ဘက်က ဘုရားဖူးနဲ့ ခရီးသည်တွေပါ၊ ပုဂံညောင်ဦးဘက်ကနေ အပြန် ကားက လေအိတ်ပေါက်လာတာကို ဘရိတ်ရှူးတွေက ညှိနေတော့ ပိုင်ရှင်ကဆင်းကြည့်ခိုင်းတာ၊ သူက နားမလည်တော့ တာယာတွေ ပူနေတယ်ဆိုပြီး ရေလောင်းချလိုက်တာ၊ တာယာက ထပေါက်ပြီးတော့ ကားတစ်စီးလုံး လောင်သွားတော့တာ " လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ခရီးသည်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးသွားတဲ့အပြင် ကားပေါ်ပါ ကလေး ၁၂ ဦးအနက် ၁ ဦးမှာ ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ ရရှိပြီး ကျန်ခရီးသည်နဲ့ ယာဉ်မောင်းတွေမှာ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။

လက်ပံပျားတိုက်နယ်မီးသတ်ဌာနနဲ့ ကယ်ဆယ်ရေးအသင်းတွေက မီးငြှိမ်းသတ်ခဲ့ကြတာကြောင့် နေ့လယ် ၁၁ နာရီ ၅၃ မိနစ်မှာ မီးငြိမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲပါ။                                                        

ကားပိုင်ရှင်နဲ့ ယာဉ်မောင်းဖြစ်သူကို ကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းက စစ်ဆေးနေပြီး ခရီး သည်တွေ ရန်ကုန်ပြန်နိုင်ရေးအတွက် ကားစီစဉ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024