ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ စစ်ကောင်စီအောက်ခံစစ်သား နဲ့ ရဲတွေက ဒီနေ့မှာ ဘထ္တရီစက်ဘီးစီးသူတွေကို ပစ်မှတ်ထားစစ်ဆေးနေတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရသူတွေက ပြောပါတယ်။
မနေ့က တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းနဲ့ဝေဇန္တရာလမ်းထောင့်မှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ဘထ္တရီစက်ဘီးစီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်သတ်ခဲ့ပြီးနောက် ဒီနေ့မှာ ဘထ္တရီဘီးစီးသူတွေကို စစ်ဆေးနေတာလို့ ဆိုပါတယ်။
"ဒီနေ့ အင်းစိန်လမ်းက ဂမုန်းပွင့်ကုန်တိုက်နားနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ စစ်ဆေးတာတွေတွေ့ရတယ်။ ဘထ္တရီဘီးစီးတဲ့သူတွေကိုပဲစစ်တာ။ တောင်ဥက္ကလာကဖြစ်ရပ်ကို အခဲမကျေပုံရတယ်" လို့ အငှားယာဥ်မောင်းတဦး ကပြောပါတယ်။
မနေ့က ဦးစိုင်းကျော်သူကို သေနတ်နဲ့ပစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာ လူမူကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီဗွီဒီယိုဖိုင်မှာ သေနတ်သမားနှစ်ဦးက ဘထ္တရီစက်ဘီးနဲ့ ဦးစိုင်းကျော်သူကားနား ရောက်လာပြီး တရက်စပ်ပစ်ခတ်ခဲ့ရာကားမှာ ရပ်ထားတဲ့စက်ဘီးကို ဖြတ်ကြိတ်သွားခဲ့လို့ ပစ်ခတ်သူနှစ်ဦးက စက်ဘီးကိုထားပြီး ထွက်ပြေးသွားခဲ့ကြတာတွေ့ရပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် စစ်ကောင်စီတပ်က ဘထ္တရီစက်ဘီးတွေကို အညိုးနဲ့ရန်ရှာလာနိုင်လို့ အသွား၊ အလာ သတိထားနေရတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
"အဲကောင်တွေက တခုခုဆို ပတ်ရမ်းတတ်တော့ ဒီနေ့အပြင်သွားစရာရှိတောင်စက်ဘီးမယူသွားရဲဘူး"လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အရင်ကလည်း စစ်ကောင်စီလက်အောက်ခံ ဒလန်ရှင်းလင်းမှုတွေမှာ ဆိုင်ကယ်စီးနင်း အသုံးပြုတာတွေ လုပ်ခဲ့တာကြောင့် ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်တဲ့ စည်းကမ်းအမျိုးမျိုးကျင့်သုံးခဲ့တာရှိသလို ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးသူတွေကို ဖမ်းဆီးတာမျိုးတွေလည်းရှိခဲ့ပါတယ်။