မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကင်းရွာသားတဦးကို ဧပြီ ၂၃ ရက် ဒီနေ့မနက်က ရွာသာယာရွာမြောက်ဘက်မှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ မြကန်သာရွာအနီး အဲလ်ဖာဘိလပ်မြေစက်ရုံးအဝင် ကွန်ကရစ်လမ်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
“ဒီလိုလုပ်တာတော့ အတော်လေးအောက်တန်းကျတယ်။ အရင်ကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတာ ကိုယ်တွေ့မဟုတ်တော့ ဒီ စစ် (-) တွေကို သိပ်ပြီးမမုန်းခဲ့ဘူး။ အခုဟာကတော့ မင်းအောင်လှိုင် စစ်တပ်ဆိုရင် အသက်သေတဲ့အထိကိုယုံ ကြည်မှုဆိုတာမရှိတော့ဘူး၊ မုန်းလည်းမုန်းတယ်ဗျ။ ဒါကလည်း ကျနော်တယောက်တည်း ဖြစ်တာဟုတ်ဘူး။ ပြည်သူတိုင်းလိုလို အဲလိုစိတ်ဖြစ်နေကြတာ။ အခု သူတို့သတ်သွားတာက နဖူးကိုတေ့ပြီး ပစ်သတ်သွားတယ်။ နောက်ပြီး သွေးသောက်လည်ဆွဲ လည်ပင်းမှာဆွဲသွားတယ်။ အလောင်းကတော့ ဒီနေ့ နေ့လည် ၁၂ နာရီလောက် စစ် (-) တွေ ထွက်သွားပြီး ရွာသာယာရွာမြောက်ဘက်ထိပ် မုဆိုးမပြွန်ပေါက်အနီးမှာ တွေ့ခဲ့ရတယ်။ သေတဲ့သူအမည်က ကိုဖိုးထောင်ပါ။ အသက်က ၁၉ နှစ် သာမန်အရပ်သားပါပဲ” လို့ သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ မတ္တရာမြို့နယ် ကင်းရွာအနီးတဝိုက်က ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်သလို ဒေသခံတွေရဲ့နေအိမ်တချို့ကိုလည်း မီးရှို့တာတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ရွာသားတွေ ဖမ်းဆီးရိုက်နှက်တာတွေပါ ပြုလုပ်တာကြောင့် စစ်ကောင်စီစစ်ကြောင်းလာပြီဆိုတာနဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။