မကွေးတိုင်း၊ မကွေးမြို့၊ ဆူးကောက်စမ်းကျေးရွာ မြောက်ဘက်လယ်ကွင်းမှာ ဧပြီ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်က မိုးကြိုး ပစ်ခံရလို့ သားအဖနှစ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ နယ်ခံပရဟိတ အသင်းနဲ့ ရွာခံတွေထံက သိရပါတယ်။
ရောင်စုံမေတ္တာလူမှူကူညီရေးအသင်းတာဝန်ရှိသူက "ည ၁၀ နာရီလောက်မှ ဖုန်းဆက် အကူအညီ တောင်းတာ။ မကွေးမြို့နဲ့ဆို ဆယ်မိုင်လောက်ဝေးတယ်။ သေဆုံးသူအမည်တော့ မသိရသေးဘူ” လို့ ဆိုပါတယ်။
မိုးကြိုးပစ်ခံရလို့ အဖေဖြစ်သူ ၅၈ နှစ်၊ သားဖြစ်သူ ၃၅ နှစ်နဲ့အတူပါလာသော ခွေးတကောင်လည်း လယ်ကွင်းအတွင် သေဆုံးခဲ့ကာ ရုပ်အလောင်းတွေကို မကွေးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"ဖြစ်တာက ညနေ ၅ နာရီကျော်လောက်ထဲက။ ရပ်ရွာလူကြီး အကြောင်းကြားပြီး ရဲတွေ စောင့်နေရတာနဲ့ကြာသွားတာ။ သူတို့ စစ်ချက်ယူပြီးမှ ပရဟိတအသင်းတွေကို အကြောင်းကြားပြီး ဆေးရုံပို့တော့ ညည့်နက်ချိန်ရောက်သွားတာ”လို့ ရွာခံ တဦးက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း အပူချိန်မြင့်တက်နေပြီး အချိန်အခါမဟုတ် မိုးကြီးခြင်း လေပြင်းတိုက်ခိုက်ခြင်း မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်ခဲ့ကာ ဧပြီ ၂၁ရက် ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ကျေးရွာ ၃ ရွာမှာ လေပြင်းတိုက်ခံရပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။
Photo ရောင်စုံ မေတ္တာ လူမှူကူညီရေးအသင်း