ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ၂၃ ရပ်ကွက်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းမှာ ဧပြီ ၂၀ ရက် ဒီနေ့မနက် ၈ နာရီက ဗုံးပေါက်ခဲ့ပြီး စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ လုံခြုံရေးကင်းလှည့်ချိန် မဟာမြိုင်လမ်းရှိ လူမနေတဲ့ ခြံတခုရှေ့မှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဗုံးပေါက်တာက အသံအကျယ်ကြီးပဲ၊ ထိလား မထိလားတော့ မသိဘူး။ ဒါပေမဲ့ မနက်ကတည်းက စစ်ဆေးတာတွေလုပ်နေတာ အခုချိန်ထိပဲ။”
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူမရှိပါက အခုလို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ရပ်မိရပ်ဖတဦးက သုံးသပ်ပြောဆိုပါတယ်။
“ရန်ကုန်မှာ ဗုံးပေါက်ရင် စစ်တပ်က ထိတာများတယ်။ အခုဖြစ်စဥ်မှာ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်က ဖောက်တယ်လည်း ပြောသေးတယ်။ စစ်ဆေးတာတွေကို တင်းကျပ်နေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်က ဝါးတရာစက်မှုဇုန်အတွင်း ကားတစီးလှည့်လည်နေပြီး ဆိုင်ကယ်တွေကို စစ်ဆေးကာ ငွေတောင်းတာတွေအပြင် လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုလည်း စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၅ ရပ်ကွက်မှာ အမှိုက်တွန်းလှည်းအတွင်း ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတဦးနဲ့ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။