လုပ်ငန်းလုပ်ကိုင်ခွင့်ရယူဖို့လိုအပ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနတွေရဲ့ ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ပုဂ္ဂလိကဆေးရုံ လုပ်ငန်းဆောင်ရွက်လိုပါက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ ဘဏ်လုပ်ငန်း ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုပါက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် စသဖြင့် တောင်းခံရယူ ဆောင်ရွက်ရမယ်လို့ အဲဒီဌာနက အသိပေး ထုတ်ပြန်ထားတာပါ။
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင် ဆောင်ရွက်နိုင်တာဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်ဖို့နဲ့ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် ရယူဖို့ လိုအပ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနတွေရဲ့ ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေနဲ့ ပါဝင်သူတွေက သက်ဆိုင်ရာ တည်ဆဲဥပဒေတွေကို လိုက်နာမှုရှိ၊ မရှိ စိစစ်နိုင်ဖို့နဲ့ ကုမ္ပဏီတည်ထောင်ပြီး ငွေကြေးခဝါချမှု ရှိ မရှိ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ၊ မရှိတို့ကို စိစစ်ဖို့ ရည်ရွယ်ချက်ဖြင့်ဆိုကာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီးနောက် ၂ လအတွင်း တင်ပြရမယ့် နှစ်စဥ် အစီရင်ခံစာနဲ့အတူ ထပ်မံတင်ပြဖို့ လိုအပ်တဲ့အချက်တွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလကနေ -၂၀၂၃ မတ်လအထိ ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၅၀၀၀ ကျော်အထိ ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က စာရင်းအရ သိရပါတယ်။