Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာပဲဆက်လက်အကျဉ်းချထားရန် စစ်ကောင်စီဆုံးဖြတ်
DVB
·
April 20, 2023
341861332_708407050971512_5385999693614758350_n

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ထားဖို့ကိစ္စ အာဏာသိမ်းစစ်ခေါင်းဆောင်အဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ရာ လုံခြုံရေးအခြေအနေကြောင့် နေပြည်တော်အချုပ်ထောင်မှာသာ ဆက်လက် အကျဉ်းချ ထားမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသား ၃၀၀၀ ကျောက်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရေး /မထားရေးကို သဘောထားမှတ်ချက်တွေ တောင်းခဲ့ရာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြချက်နဲ့ နေပြည်တော်အချုပ်ထောင်မှာထားဖို့သဘောတူခဲ့တာလို့ စစ်ကောင်စီတပ်ကအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

"တချို့ကလည်း အသက်ကြီးပြီ အကျယ်ချုပ်ပဲထားပေါ့။ စရဖဘက်က လုံခြုံရေးအရ စောင့်ရှောက်မှုတွေပေးရမယ် လူအပိုကုန်မယ်ပေါ့။ အဲဒါကြောင့် ဧပြီ ၁၈ ရက်မှာ တချို့က အကျယ်ချုပ်ပြီးထားပြီးထင်ပြီးပြောတာ။ အခုဇော်မင်းထွန်းကို ကောလာဟလဆိုပြီး ထွက်ရှင်းခိုင်းတာ"လို့  ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှု ၇ မှုကို  လက်ခံလိုက်ပြီး ဆက်လက်စစ်ဆေးကြားနာသွားဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့အမှုတွေကတော့ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းတဲ့ကိစ္စအပေါ် အဂတိနဲ့စွဲဆိုထားတဲ့ အမှု ၅ မှု၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀(က) နဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဥဒေပုဒ်မ ၃(၁)(ဂ) တို့ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

"မနေ့ညကကတည်းက နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းမှာ အမေစုအကျယ်ချုပ်နဲ့ နေအိမ်ကိုပြန်ရောက်မယ်ဆိုတဲ့သတင်းတွေက ပျံ့နေတာ။ ဒီမနက်ကျတော့မဟုတ်ဘူး အချုပ်ထောင်မှာပဲ ဆက်ထားမယ်ဆိုတာသိတာ။”

စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံရတဲ့ အသက် ၇၇ နှစ် အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက  အဂတိလိုက်စားမှု အပါအဝင် အမှုပေါင်းများစွာနဲ့ သက်သေမခိုင်လုံပဲ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို  နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024