Home
မြန်မာသတင်း
မြန်မာ့အကျပ်အတည်း ကျော်လွှားနိုင်ရေး လူထုကို အားပေးကူညီသွားရန် နော်ဝေနိုင်ငံ ကတိပြု
DVB
·
April 18, 2023
536073-281841710_584298246266738_3922468028559624078_n-730x365

အခုဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် မြန်မာပြည်သူလူထုကို အားပေးကူညီသွားဖို့ နော်ဝေနိုင်ငံက ဆက်လက် ကတိပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး အကြီးအကဲ မစ္စတာ ပေါလ်လာဆင်က မြန်မာပြည်သူ လူထုအတွက် နှစ်သစ်ဆုတောင်းစကားမှာ ခုလို ဖော်ပြလိုက်တာပါ။

“လွန်ခဲ့တဲ့ တနှစ်အတွင်းမှာလည်း မြန်မာပြည်သူလူထုဟာ အတိဒုက္ခတွေကို ရင်ဆိုင်ခဲ့ရပြီး ဒါတွေကိုလည်း မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။ မြန်မာပြည်သူလူထုတွေ အားလုံးနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ယခုနှစ်သစ်က ဆောင်ကြဥ်းလာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။”

နော်ဝေနိုင်ငံကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ လတုန်းကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုအတွက် အသက်ကို ရင်းနှီးဆောင်ရွက်နေကြသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်တုန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှု စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူနိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ NUG နော်ဝေဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ ကိုယ်စားလှယ်ရုံးရဲ့ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာ ခရစ္စတီယန်စတုတ်ခ်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် အမြင်တွေကိုလည်း အချင်းချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ ရိက္ခာ၊ အကူအညီနဲ့ ဆေးဝါးတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပေးနိုင်ရေး၊ NUG အစိုးရကို အသိအမှတ်ပြု ထောက်ခံပြီးတော့ နော်ဝေနိုင်ငံအနေနဲ့ အရင်နှစ်က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆန္ဒပြုထောက်ခံခဲ့သလို အခုနှစ်မှာလည်း ဆက်လက်ထောက်ခံမှု ပြုပေးဖို့နဲ့ ကာကွယ်မှုပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ အချက် ၆ ချက်ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေနဲ့ နော်ဝေပါလီမန်အမတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခုတကြိမ်မှာတော့ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ကာ ပိုမိုအားကောင်းတဲ့ သံတမန်ရေးကို တည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024