Home
ဆောင်းပါး
လူထုနဲ့ စက်သုံးဆီပြဿနာ
DVB
·
September 9, 2024

လျှပ်စစ်မီးမလာ၊ ခွေးတကောင် ကြောင်တမြီးမှ မရှိတဲ့ အရုဏ်တက်ချိန်မှာ မန္တလေးမြို့၊ ၁၀၆ လမ်းမပေါ် ဆိုင်ကယ်ကို ရှေ့မီးဖွင့်ပြီး တယောက်တည်း ခပ်မှန်မှန် မောင်းလာသူက ကိုလေးလေးပါ။ ဒီချိန်လောက်ကနေစပြီး ဆီတန်းစီဖို့သွားမှ အလုပ်ကို အချိန်မီသွားနိုင်မှာ ဖြစ်ပါတယ်။ ကိုလေးလေးတယောက် ၁၀၆ လမ်းကနေ ၅၇ x ၅၈ လမ်းကြားကို ရောက်တဲ့အခါမှာတော့ အရှေ့ကနေ မျက်နှာတည့်တည့်ကို ဆိုင်ကယ်မီးထိုးတာ ခံလိုက်ရတဲ့ တဆက်တည်းမှာပဲ အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံကို ကြားလိုက်ရပါတယ်။ အဲဒီနောက် ဆိုင်ကယ်အရှေ့ခြမ်းကို အတိုက်ခံလိုက်ရပြီး ဆိုင်ကယ် လဲကျသွားပါတော့တယ်။

“ရပ်စမ်း၊ ရပ်စမ်း ဆိုပြီးတော့ ဝင်တိုက်လိုက်လို့ ဆိုင်ကယ် လဲတယ်။ အဲဒီမှာ ကျနော်က သူတို့လက်ထဲမှာ တုတ်လား၊ ဓားလား မသိဘူး မြင်လိုက်ရတယ်၊ အဲဒီတော့ ကျနော် ထပြေးတယ်။ သူတို့ကတော့ နောက်ကနေ ဆက်လိုက်သေးတယ်” လို့ ကိုလေးလေးက ဖြစ်စဉ်ကို ပြောပြပါတယ်။ ကိုလေးလေးကို လုယက်သူတွေက ဆိုင်ကယ်နှစ်စီးနဲ့ လာတာဖြစ်ပြီး တစီးမှာ သုံးယောက်၊ နောက်တစီးမှာ နှစ်ယောက်။

အသက် ၂၇ နှစ်အရွယ် ကိုလေးလေးအတွက် ဒီလူအုပ်ကို ရင်ဆိုင်နိုင်ဖို့ အင်အားမရှိတာကြောင့် သူ့ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတာက အသက်ဘေးလွတ်အောင် ပြေးဖို့ပါပဲ။ ကိုလေးလေး ပြေးရင်း လည်ပင်းမှာ ကြိုးနဲ့ဆွဲထားတဲ့ ဖုန်းက ပြတ်ကျသွားခဲ့ပါတယ်။ နောက်ကလိုက်လာသူတွေက ကျကျန်ခဲ့တဲ့ဖုန်းကို ရလိုက်တာနဲ့ ဆက်မလိုက်တော့ဘဲ ပြန်လှည့်သွားခဲ့ပါတယ်။

“သူတို့က လိုက်တော့ ကျနော်က ပြေးတယ်၊ ပြေးရင်း လမ်းဘေးမြောင်းထဲကျတော့ ရွှံ့တွေလည်း တကိုယ်လုံးပေါ့၊ ကျနော်ကတော့ ပြေးပဲ ပြေးလိုက်တာပေါ့၊ သူတို့က ဆိုင်ကယ်ယူတယ်၊ ဖုန်းယူတယ်၊ ကာလပေါက်ဈေးအရ ဆိုင်ကယ်က သိန်းလေးဆယ်ကျော်၊ ဖုန်းက သုံးသိန်းခွဲဆိုတော့ လေးဆယ့်ငါးသိန်းလောက်တော့ ပါသွားတယ်” လို့ သူက ပြောပါတယ်။ ဒီလုယက်မှုဟာ သြဂုတ်လ ၁၉ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမြို့ကြီးတွေမှာ ရက်ရှည် စက်သုံးဆီပြတ်တောက်မှုက မကြာခဏ ဖြစ်လို့နေပါတယ်။ နောက်ဆုံး ဖြစ်ခဲ့တာကတော့ သြဂုတ်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဖြစ်ပြီး  မန္တလေး၊ ရန်ကုန်၊ မော်လမြိုင် အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးနီးပါး ဆီပြတ်ခဲ့တာပါ။

၂၀၂၁ ခုနှစ်ကနေစပြီး ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီ ပြတ်လပ်မှုဟာ အကြိမ်ရေ ၂၀ ထက်မနည်း ရှိနေပြီး နှစ်လနီးပါးတိုင်း တကြိမ် ဆီပြတ်လပ်မှု ဖြစ်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ တလီတာကို ပျမ်းမျှ ကျပ်ငွေ ၆၀၀ ဝန်းကျင်အထိသာ ရှိခဲ့တဲ့ 92 ဓာတ်ဆီဟာ သုံးနှစ်ကျော်ကြာပြီးနောက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်းမှာတော့ အမြင့်ဆုံး ကျပ်ငွေ ၆,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇယ်၊ ပရီမီယမ်ဒီဇယ်၊ 92 ဓာတ်ဆီ၊ 95 ဓာတ်ဆီ စက်သုံးဆီအမျိုးအစား လေးခုကို အဓိက အသုံးပြုကြပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်က ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ဦးမောင်ငယ် (အမည်လွှဲ) ဟာ စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် ကယ်ရီမောင်းရတာ ဝင်ငွေထိခိုက်စေပါတယ်။

“ဘယ်အဆင်ပြေပါ့မလဲ၊ ဆီတခါ တန်းစီရင် ငါးနာရီလောက် အချိန်ပေးရတယ်။ ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွားတာလည်း ခဏခဏပဲ။ တန်းမစီချင်လို့ အပြင်မှာဝယ်ရင် ဆီတဘူးက ၇,၅၀၀၊ ၈,၀၀၀ ပေးနေရတယ်။ ကယ်ရီမောင်းရင်က ၁,၀၀၀ တန် သုံးကြောင်း သွားလိုက်ရင် ဆီတဘူးက ကုန်ပြီလေ၊ ပြီးတော့ ပိုက်ဆံပိုတောင်းဖို့က အဆင်မှမပြေကြတာ၊ အခု ကယ်ရီမောင်းတာ ရပ်ထားရတယ်” လို့ ဦးမောင်ငယ်က ပြောပါတယ်။ အသက် ၂၀ ဝန်းကျင်အရွယ် သမီးနဲ့ အသက် ၈၀ အရွယ် မိခင်အိုကို ဆိုင်ကယ် ကယ်ရီမောင်းရင်း ရှာကျွေးနေတဲ့ အသက် ၅၀ ကျော်အရွယ် မုဆိုးဖို ဦးမောင်ငယ်အတွက် ဒီအလုပ်ကလွဲရင် တခြားအလုပ်လုပ်ဖို့ကလည်း မလွယ်လှပြန်ပါဘူး။

“ဆီမရှိပါ ခင်ဗျာ။ တကယ်ပါ မလိမ်ပါဘူး” ဆိုတဲ့စာက သြဂုတ်လအတွင်း တံခါးပိတ်ထားတဲ့ ဆီဆိုင်တဆိုင်က ဆိုင်ရှေ့မှာ သစ်သားပြားပေါ် မြေဖြူနဲ့ ရေးထားတဲ့စာပါ။ ဒီစာက လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့မှုရှိခဲ့ပြီး လှောင်ပြောင်သရော်စရာ ဖြစ်ခဲ့ပါတယ်။ ဆီဆိုင်တွေ ဆီမရှိရခြင်းရဲ့ နောက်ကွယ်မှာ ဆီကုန်သည်တွေကို ဗဟိုဘဏ်က ဒေါ်လာငွေ ရောင်းချပေးတာ အချိန်နောက်ကျတာတွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ဆီရောင်းချမှု မူဝါဒ ပြောင်းလဲတာတွေက လတ်တလောအကြောင်း ဖြစ်တယ်လို့ စက်သုံးဆီ အခြေအနေတွေကို လေ့လာသူတဦးက ပြောပါတယ်။

ဆီရောင်းချမှုမူဝါဒဆိုတာ ယခင်က အစိုးရက ဆီလုပ်ငန်းရှင်တွေနဲ့ ဆီဆိုင်တွေအတွက် ဆီထုတ်ခွင့် (PO) မူဝါဒပြောင်းလဲသွားခြင်းကို ဆိုလိုပါတယ်။ အရင်က ကြိုက်သလောက်ရောင်း၊ လိုသလောက် ပြန်ဝယ်လို့ရပေမဲ့ အခုအခါ ရက်ခြားမှ PO ထုတ်ပေးပြီး သတ်မှတ်ရက်အတွင်း အပြီးထုတ်ရမယ်လို့ ညွှန်ကြားချက်တွေ ထွက်လာတဲ့အတွက် နယ်ဘက်က ဆီဆိုင်တွေ ဆီဝယ်ယူရာမှာ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ပါးသွားတာတွေဟာ အဓိကအကြောင်းရင်းတွေပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုအတွင်း MOGE နဲ့ ပတ်သက်တဲ့ ဘဏ်စာရင်းဖွင့်လှစ်မှု၊ ချေးငွေထုတ်ချေးမှု၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အပါအဝင် တခြားဝန်ဆောင်မှုပေးခြင်း တို့ကိုပါ တားမြစ်ကြောင်း အချက်အလက်တွေ ပါဝင်ပါတယ်။ တခြားသော သြစတြေးလျ၊ ဗြိတိန် စတဲ့နိုင်ငံတွေကလည်း စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ လေယာဉ်ဆီတင်သွင်းတာတွေနဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ဆို့အရေးယူတာတွေ ရှိပါတယ်။

ဗဟိုဘဏ်က ထုတ်ရောင်းပေးတဲ့အခါ ဒေါ်လာငွေစျေးက ပြင်ပပေါက်စျေးထက် စျေးသက်သာပေမဲ့ လိုသလောက်ပမာဏ မရတဲ့အတွက် ဆီလုပ်ငန်းရှင်တွေဟာ ပြင်ပက ရောင်းချသူတွေဆီကနေ ဒေါ်လာကို ပြင်ပပေါက်စျေးအတိုင်း ဝယ်ယူရပြီး စက်သုံးဆီ ဝယ်ယူရပါတယ်။ ပြန်လည်ရောင်းချတဲ့အခါမှာတော့ ဆီလုပ်ငန်းရှင်များက သတ်မှတ်တဲ့စျေးနဲ့ ရောင်းချရတာ ဖြစ်တဲ့အတွက် ဒေါ်လာစျေး မြင့်လာတာနဲ့အမျှ အရှုံးတွေ ရှိလာပါတယ်။ စက်သုံးဆီတွေကို ဗီယက်နမ်၊ တရုတ်နိုင်ငံတွေကနေ အများဆုံးတင်သွင်းတာဖြစ်ပြီး ဆီတင်သင်္ဘောတွေဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာရှိတဲ့ သီလဝါဆိပ်ကမ်းမှာသာ ကမ်းကပ်ကြတာ ဖြစ်ပါတယ်။ အဲဒီကတဆင့် ဆီလုပ်ငန်းရှင်တွေက ဒေါ်လာငွေနဲ့ အပြည့်အဝ ငွေချေပြီးမှသာ စက်သုံးဆီတွေကို မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချနိုင်ကြတာ ဖြစ်ပါတယ်။

လောင်စာဆီပြတ်တောက်မှု ဖြစ်ပြီဆိုရင် ဆီတန်းစီတဲ့ နေရာမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် အခွင့်ထူးခံတချို့လည်း ရှိသလို စက်သုံးဆီတန်းစီသူအချင်းချင်း စကားများ၊ ရန်ဖြစ်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

“တန်းစီရင်း ကြားဖြတ်ဝင်တာတို့ ဖြစ်တယ်လေ။ ပြီးတော့ ဆိုင်ကယ်က တစီးချင်းစီ တန်းစီတာ မဟုတ်ဘူး၊ တတန်းကို သုံးစီး လေးစီး အဲဒီလိုစီရတာ၊ လမ်းဘေးကပ်စီကြတာမို့ အချင်းချင်း ဆိုင်ကယ်ပွတ်မိပြီး ပွန်းတာတွေ၊ ကားတွေဆိုလည်း ထိမိလို့ ဆေးပွန်းတာတွေ ဖြစ်တယ်။ အဲဒီလိုတွေဖြစ်ရင် ရန်ဖြစ်ကြရောပဲ။ တရက်ကို နှစ်ခေါက်သုံးခေါက်လောက် ဒါမျိုးတွေ မြင်ရတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ဦးမောင်ငယ်က ပြောပါတယ်။

ကျိုက်ထိုမြို့ခံ မရိုစီကတော့ “သူတို့မှာ ဒီဆီရဖို့ နာရီနဲ့ချီ အလုပ်တွေပစ်ပြီး တန်းစီထားတာကို သူတို့အလှည့်ရောက်မှ ဆီကုန်ပြီဆိုတော့ စိတ်ကတော့ အဆင်မပြေကြဘူးပေါ့” လို့ ပြောပါတယ်။

စက်သုံးဆီ လိုသလောက် ပြန်ဝယ်မရတဲ့အခါ တန်းစီရသမျှဆီကို ပြန်ထုတ်ရောင်းတဲ့ စျေးကွက်တခုလည်း ပေါ်ပေါက်လာပါတယ်။

“(လူမှုကွန်ရက်) Group တွေမှာ တင်ပြီး ပြန်ရောင်းကြတာ၊ တလီတာအလိုက် ရောင်းတာလည်းရှိတယ်၊ ၂၀ လီတာဆံ့တဲ့ ပုံးအစိမ်းတွေနဲ့ ပြန်ရောင်းတာလည်း ရှိတယ်၊ တပုံးကို ၉၀,၀၀၀ လောက် ပေးဝယ်ရတယ် ဆီချည်းပဲကို၊ ကျမဆို အခုနောက်ပိုင်း ဆီသွားတန်းစီပြီး အိမ်ပြန်ရောက်ရင် ပြန်ထုတ်၊ ဆီကို သံပုံးနဲ့ ပြန်စုနေရတယ်” ရန်ကုန်မြို့က အသက် ၃၀ အရွယ် မထက်ထက်က ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့က ဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်၊ ၁၉ ရက်နဲ့ ၂၂ ရက်တို့မှာ တဒေါ်လာကို ငွေကျပ် ၃,၄၀၀ ကျော်နှုန်းထားနဲ့ ဒေါ်လာ သန်း ၁၃၀ ခန့် ထုတ်ရောင်းခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေထုတ်ရောင်းမှုအပြီး ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ စက်သုံးဆီအတွက် အချိန်ပေး တန်းစီရတာ မတွေ့ရတော့ပါဘူး။ လက်ရှိအချိန်အထိ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတွေအပြည့်ရှိနေကာ ဆီတင်သင်္ဘော အဝင်တွေ ဆက်တိုက်ရှိနေပါတယ်။

“အဲဒါ အချိန်ကာလတခုအထိပဲ ဖြေရှင်းနိုင်မှာ။ အရင်လို ပြန်ပြေလည်နိုင်မယ့် အခြေအနေ မရောက်ပါဘူး။ စက်သုံးဆီက အာဏာသိမ်းပြီးနောက် တနှစ်ထက်တနှစ် ပိုဆိုးလာတာ။ ဒေါ်လာရှားပါးမှုက ကြီးလေလေ ပြည်ပက တင်သွင်းရတဲ့ စားဆီ၊ စက်သုံးဆီက ပြဿနာ ပိုများလာလေပါ” လို့ စက်သုံးဆီအခြေအနေတွေကို လေ့လာနေသူတဦးက ပြောပါတယ်။

နွေဦး၊ ခိုင်ဝဿန်၊ ခယ်မေရှင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024