Home
မြန်မာသတင်း
“ကန့်ဘလူအကြွေး” ကမ်ပိန်း ၄ ရက်အတွင်း ကျပ်သိန်း ၁,၃၀၀ ကျော်ရရှိထား
DVB
·
April 18, 2023
Screenshot 2023-04-18 142856

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေတဲ့ မင်းသား အကယ်ဒမီ မင်းမော်ကွန်း ဦးဆောင်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်း စတင်ပြီး ၄ ရက်အတွင်းမှာပဲ ငွေကျပ်သိန်း ၁,၃၀၀ ကျော် ရရှိနေပြီလို့ ထုတ်ပြန်ပါတယ်။

“၄ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာ ကျပ်သိန်းပေါင်း ၁၃၀၅ သိန်းခန့် ရနေပါပြီ။ စင်ကာပူနိုင်ငံကတော့ ရှေ့ဆုံးက တက်တက်ကြွကြွ ဦးဆောင်နေပါတယ်။ ၁၀ ရက်ပဲ ကျန်တော့တာမို့ ဆက်လက်ပြီး အားစိုက်ပေးကြဦး။”

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို Mi 35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ အယောက် ၁၇၀ နီးပါးထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ အပါအဝင် အနီးနားက သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကတော့ ၂ နှစ်ကျော်ကာလတွေအတွင်း ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ မသန်စွမ်းတွေပါမချန် အပြစ်မဲ့ပြည်သူတွေကို နိုင်ငံတဝန်း မြေပြင်ကရော လေကြောင်းကပါ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုမြောက် ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောကြားထားပါတယ်။

လတ်တလောမှာတော့ အကယ်ဒမီ မင်းမော်ကွန်း စီစဉ်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်းကာလကို ၁၄ ရက်ပဲ သတ်မှတ်ထားတာမို့ ပြည်သူတွေအနေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက် ဖိတ်ခေါ်ထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024