မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ ပဲခူးတိုင်း ပြည်ထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပါမလာဘဲ စစ်ပြေးနဲ့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခံနေရသူတွေသာ ပါဝင်တယ်လို့ ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ပြည်မြို့ခံ နိုင်ငံရေးအကျဉ်းသားတယောက်က “ပြည်ထောင်ကနေ စစ်ပြေး နှစ်ယောက်၊ ရဲပြေးတယောက်လွှတ်လိုက်ပြီ။ မနက် ၁၀ နာရီလောက်ကပဲ၊ ကျနော်လိုက်မေးပြီးသွားပြီ၊ ဒါပဲလွှတ်တာတဲ့။ ကိုယ့်လူတွေ လွတ်မယ်ထင်လို လာစောင့်နေတာ။ သူတို့က သူတို့လူတွေပဲ ပြန်လွှတ်ပေးတာနေမှာ” ပြောပါတယ်။
ပေါင်းတည်အကျဉ်းထောင်ကနေလည်း မူးယစ်ဆေးဝါးအမှုနဲ့ ၄ ယောက်၊ စစ်ပြေး ၆ ယောက်ကို ဒီမနက် ၈ နာရီကျော်လောက်မှာ လွှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံက သိရပါတယ်။
“အဲ့ဒီမှာလည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူး၊ အထဲမှာ နိုင်ငံရေးအကျဉ်းသား အများကြီးရှိတာတောင် ထည့်လွှတ်မပေးဘူး”လို့ ပေါင်းတည်ထောင်ကနေ ပြီးခဲ့တခေါက်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။
ပြည်ထောင်နဲ့ ပေါင်းတည်ထောင်ကနေ ပြန်လွတ်လာသူတွေအထဲမှာ စစ်ပြေး ၈ ယောက်၊ ရဲပြေး ၁ ယောက်၊ မူးယစ်ဆေးဝါးမှု ၄ ယောက် စုစုပေါင်း ၁၃ ယောက် ပါဝင်တယ်လို့သိရပါတယ်။
မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၃၁၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင်ပြုမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာလည်း အကျဉ်းသား မိသားစုဝင်တွေ မနက်အစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေကြပါတယ်။