ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းရေးတပ် ဂိတ်ရှေ့မှာ ဧပြီ ၁၅ ရက်နေ့ ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်သားစုဆောင်းရေးတပ်ရှေ့က စစ်ဆေးရေးဂိတ် ဘန်ကာကို ဒီည ၇ နာရီ ၄၀ လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။
“အဲ့လမ်းက ခရိုင်ရဲမင်းကြီးအိမ်ရှိတဲ့လမ်း၊ တိုက်ခိုက်တာတော့ စစ်သားစုဆောင်းရေးလုပ်တဲ့ တပ်ရှေ့က ဘန်ကာကိုတိုက်တာပါ။ ပေါက်ကွဲမှုတော့ ဖြစ်သွားတယ်၊ ထိခိုက်မှုတော့ အတည်ပြုမရသေးဘူး။''
ဗုံးပေါက်ကွဲမှုဟာ မြို့ပေါ်ရပ်ကွက်တွေက အကုန်ကြားရပြီး အိမ်တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။
“ပေါက်တဲ့အသံကတော်တော်ကျယ်တယ်၊ အိမ်ပါတုန်သွားတာ၊ ခဏနေမှာ သူငယ်ချင်းပြောလို့ ဗုံးကွဲတယ်ဆိုတာ သိရတာ။”
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လမ်းပိတ်ဆို့ပြီး စစ်ဆေးနေတာကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။