Home
မြန်မာသတင်း
ကျောက်ပန္ဒူရဲကင်းစခန်းတွင် အချင်းချင်းခိုက်ရန်ဖြစ်ပြီး လက်ပစ်ဗုံးဖြင့်ပစ်၊ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ
DVB
·
April 12, 2023
341153572_591030303090592_5957895459203307579_n

ရခိုင်ပြည်၊ မောင်တောမြို့နယ် မောင်တော-အငူမော်လမ်းရှိ ကျောက်ပန္ဒူနယ်ခြားစောင့် ရဲကင်းစခန်းမှာ ဧပြီ ၁၁ရက် မွန်းလွဲ ၂ နာရီလောက်က တပ်ဖွဲ့ဝင်အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး လက်ပစ်ဗုံး ပစ်ခွဲမှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ဒုရဲအုပ် ၁ ဦး ခြေထောက်မှာ ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

"အချင်းချင်း စကားများရန်ဖြစ်ကြတယ်။ ဒုတပ်ကြပ်က လက်ပစ်ဗုံးဖွင့်ပြီးခွဲလိုက်တာ။ တပ်သားတယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒုရဲအုပ်တဦးက အရေးပေါ်ခြေဖြတ်လိုက်ရတယ်" လို့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရဲဒုတပ်ကြပ်မြင့်ဇော်က လက်ပစ်ဗုံးနဲ့ ပစ်ခွဲခဲ့တာကြောင့် ရဲတပ်သားသောင်းဦးဝေ သေဆုံးသွားပြီး ဒု ရဲအုပ် သန်းမျိူးခိုင်က ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

"သေဆုံးသူကိုတော့ ဒီနေ့ မောင်တောဆေးရုံကနေ မောင်တောသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ် လိုက်တယ်။ ဒုရဲအုပ်က နခခ ၅ အင်းဒင်စခန်းမှာ ဆေးကုသခံယူနေတယ်။ လက်ပစ်ဗုံးပစ်ဖောက်သူကိုတော့ ပြင်ဖြူစခန်းမှာ ထိန်းသိမ်းထားတယ်" လို့ နယ်ခြားစောင့်စခန်း တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့် စခန်းမှာ အချင်းချင်း ဖဲကစားရာမှ ခိုက်ရန်ဖြစ်ပြီး လက်ပစ်ဗုံးကို ဖဲဝိုင်းထည့် ပစ်ထည့်ခဲ့တာကြောင့်  ဒုတပ်ကြပ် သက်ပိုင်ထွန်းနဲ့ ဒုတပ်ကြပ်လင်းလင်းတို့ သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024