မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ မတိုင်ခင်မှာဘဲ အခြေခံစားသောက်ကုန်တချို့ ဈေးအနည်းငယ် မြင့်တက်လာတယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေဟာ နှစ်စဉ်နှစ်တိုင်း မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအရောက်မှာ ဈေးအနည်းငယ်တက်လေ့ရှိသလို အခုနှစ်မှာလည်း ဝန်ထမ်းတွေရဲ့ သင်္ကြန်ရုံးပတ်ရက် စတင်တာနဲ့ တပြိုင်နက် ဈေးတက်လာခဲ့တာဖြစ်ပါတယ်။
စားသုံးဆီ တစ်ပိဿာကို ကျပ် ၅၀၀၀ ဝန်းကျင် သတ်မှတ်ထားပေမယ့် နေပြည်တော်က ဈေးတွေမှာတော့ ၇၀၀၀ ကျော်အထိ ပေးဝယ်နေရတာလည်း ဖြစ်ပါတယ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက "၅၀၀၀ ကျော်ဆိုတာ သူတို့ လိုက်ရောင်းပေးမှပဲရမယ်။ ကျန်တဲ့နေရာတွေမှာတော့ မရပါဘူး။ ဘယ်မှာဝယ်ဝယ် တစ်ပိဿာ အနည်းဆုံး ၇၀၀၀ ပဲ။ အခုဆို ပိုဆိုးတာပေါ့။ ဈေးမသွားရသေးတော့ သေချာတော့ မပြောတတ်ဘူး။ ပိုတက်လာဖို့ပဲ ရှိပါတယ်။ဒီကာလကတော့"လို့ ပြောပါတယ်။
စားသုံးဆီတွေကို ဝန်ကြီးဌာနဘက်က တစ်ပိဿာ ကျပ် ၅၅၀၀ ဝန်းကျင်နဲ့ လိုက်လံရောင်းချနေပေမဲ့ နေရာအချို့မှာသာ ရောင်းချပေးတာဖြစ်ပြီး နေပြည်တော် တစ်ခုလုံးကိုတော့ လွှမ်းခြုံနိုင်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် စားသုံးဆီဈေးနဲ့အတူ ဆန်ဈေးကလည်း အတက်ဘက်ကိုသာ ဦးတည်နေတယ်လို့လည်း ဆိုပါတယ်။
ဥတ္တရသီရိမြို့နယ်နေထိုင်သူတစ်ဦးက "အရင် တစ်အိတ် ငါးသောင်းခွဲလောက်ပေးရတဲ့ ဆန်က အခု ခြောက်သောင်း နီးနီးဖြစ်သွားပြီ။ ဒါအကောင်းစား မဟုတ်ဘူးနော်။ အကောင်းစား ပေါ်ဆန်းမွှေးတို့ဘာတို့ကတော့ လက်လှမ်းမမှီလို့ မမေးဖြစ်တာကြာပြီ။ အခါတွင်းဆို ဈေးပိုတက်မလာပဲ"လို့ ပြောပါတယ်။
မဟာသင်္ကြန်ရုံးပိတ်ရက်တွေအတွင်း နေပြည်တော်ဝန်ထမ်းအိမ်ရာတွေဘက်မှာ အခြေခံစား သောက်ကုန်တွေကို ဈေးနှုန်းသက်သာစွာနဲ့ လိုက်လံရောင်းချပေးမှုတွေရှိနေပေမဲ့ ဝန်ထမ်းအများစုကတော့ ပြင်ပဈေးတွေကိုသာ မှီခိုနေရတယ်လို့လည်း ဆိုပါတယ်။