ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတခုကို ဧပြီ ၁၀ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ယောက်သေဆုံး၊ ၁၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဗားရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဧပြီ ၁၀ ရက်မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီခွဲဝန်းကျင်လောက်အကြာမှာ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဗားရ်စခန်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီ တပ်သား ၂၅ ယောက်ထဲက ၁၁ ယောက်ဟာ တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၁၄ ယောက်ကို အရှင်ဖမ်းမိခဲ့ပေမယ့် ရထားတဲ့ဒဏ်ရာတွေပြင်းထန်လို့ လမ်းခုလတ်မှာပဲ ဗိုလ်ကြီးတယောက်အပါအဝင် ၃ ယောက် ထပ်သေသွားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲကနေ MA1 – သေနတ် သုံးလက်၊ MA2 –တလက်၊ MA3 – နှစ်လက်၊ MA4 – တလက်၊ G3 – ၁၂ လက်၊ MA ကျည်ဘောက် - ၂ဝ ၆၀ မမ စိန်ပြောင်း - နှစ်ခု၊ ၆၀ မမ ကျည် - ၅၈ ခု၊ အီနာဂါ - ၈ ခု၊ G3 ကျည်ဘောက် - ၃၇ ခု၊ တိုက်မိုင်း - ၁၁ ခု၊ ၄ဝ မမ ကျည် - ၃၃ ခု၊ လက်ပစ်ဗုံး - ၁၂ လုံး၊ ရှေ့ထွက်မိုင်း - ၅၀၊ နင်းမိုင်း - ၅၀၀၊ MA ကျည် - ၁,၀၀၀ ကျော်နဲ့ G3 ကျည် - ၂,၅၀၀ ကျော် သိမ်းဆည်းခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အရပ်သား ပြည်သူတယောက်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲဘော်တယောက်တို့ ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။