အခုနှစ်မှာ မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံရာသီဝင်ရောက်လာစေမှုဖြစ်စဉ်က အရင်နှစ်များစွာက မုတ်သုံလေဝင်ရောက်မှုဖြစ်စဉ်နဲ့ မတူကွဲပြားတဲ့ဖြစ်စဉ်တွေနဲ့ ဝင်ရောက်လာနိုင်ခြေ ရှိနေပြီး ပုံမှန်ထက်နောက်ကျမှ ဝင်လာနိုင်ရင် မုန်တိုင်းဖြစ်ပြီးမှ မုတ်သုံလေဝင်နိုင်လို့ သတိထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ခန့်မှန်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုတပတ်အတွင်းထူးခြားချက်ကတော့ အပူချိန်အပေါ်မူတည်ပြီးတော့ လေဖိ အားစနစ် ပြောင်းလဲလာမှုဟာ အရင်နှစ်တွေနဲ့ မတူကွဲပြားတဲ့ လေတိုက်ခတ်မှုကို ဖြစ်ပေါ် လာနေစေတာကို ပြသလာနေတယ်လို့ ဆိုပါတယ်။
မုတ်သုံလေဦးကိုစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက လေဖိအားလျော့နည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်မှ အင်အားကောင်းစွာ ထိုးဆင်းလာနေတဲ့ လေတွေ ကြောင့် မုတ်သုံလေဦးကို လက်ခံနိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးဖြစ်စေတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တပြည်လုံးမှာလည်း နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့် တက်လာနိုင်ပြီး မြန်မာ နိုင်ငံတောင်ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။