Home
ဆောင်းပါး
ငရဲခွေးကြီးတကောင် ထပ်လွတ်နေပြန်ပြီ
DVB
·
April 10, 2023
gggg
gyy66
ddgg
338740840_170067445942026_5246366587540790531_n

၁၉၃၆ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကထုတ်တဲ့ အိုးဝေမဂ္ဂဇင်းမှာ “ငရဲခွေးကြီး လွတ်နေသည်”ဆိုတဲ့ ဆောင်းပါးတပုဒ် ပါဝင်ခဲ့ပါတယ်။ ဒီဆောင်းပါးက ရန်ကုန်တက္ကသိုလ်ရဲ့ အာဏာပိုင်တချို့ကို ပက်ပက်စက်စက် သရော်လိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အဝီစိကျနေတဲ့ မကောင်းဆိုးရွားတကောင်ဟာ ခွေးနက်တကောင်ရဲ့ အသွင်ကိုဆောင်ပြီး လူ့ပြည်ကို ထွက်ပြေးသွားတဲ့အကြောင်း၊ ညစ်ပတ်စုတ်ပဲ့ပြီး စက်ဆုပ်ရွံရှာ နှလုံးနာစရာကောင်းတဲ့ ငရဲခွေးကြီးဟာ အမျိုးမျိုးဒုက္ခပေးပြီး ဆိုးသွမ်းသောင်းကျန်းနေတဲ့အကြောင်း ရေးထားပြီး “ဒီခွေးဆိုးကြီးကို  တွေ့ရင် ငရဲပြည်ကို ပြန်မောင်းထုတ်ပေးပါ (ပုံ ယမမင်းကြီး)” လို့ အဆုံးသတ်ထားပါတယ်။    

သမိုင်းက တပတ်ပြန်လည်လာပြန်ပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ငရဲပြည်က ထွက်ပြေးလာတဲ့ မကောင်းဆိုးရွားနဲ့  တဂိုဏ်းတည်းလို့ သတ်မှတ်နိုင်နေပါပြီ။ 

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲသတင်းတွေက လွှမ်းမိုးနေတဲ့အတွက် မြန်မာနိုင်ငံ သတင်းဟာ နိုင်ငံတကာသတင်းမီဒီယာတွေမှာ မှိန်ပျောက်နေပါတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲ ဆိုတာကို သိဖို့ ရုပ်မြင်သံကြားမှာ စောင့်ကြည့်ဖို့ မလိုပါဘူး။ Google မှာဖြစ်ဖြစ်၊ Chat GPT မှာဖြစ်ဖြစ်၊ Microsoft Bing မှာဖြစ်ဖြစ် မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတဲ့ မေးခွန်းကို ရိုက်ချလိုက်ရုံနဲ့ အားလုံးကို အလွယ်တကူ သိနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ လေးဆယ်ကို မတ်လ ၂၉ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ သတင်း၊ တနေ့တည်းမှာပဲ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ကို ထိုးစစ်ဆင်တဲ့သတင်း၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ကျေးရွားသား တထောင်ကျော် ထွက်ပြေးရတဲ့သတင်း စတဲ့ နောက်ဆုံး သတင်းတွေကို သိရှိရမှာပါ။  

စာရေးသူဟာ  ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပထမ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နောက်တော့ သတင်းသမား။ ဒီဗွီဘီလို့ အတိုကောက်ခေါ်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံကို နှစ်ပေါင်း သုံးဆယ်ကျော် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က စပြီး  စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာမှာ မင်းအောင်လှိုင်ရဲ့လက်ထက်ကတော့  အဆိုးတကာ့ အဆိုးဆုံးလို့ ဆိုရပါမယ်။ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မမြင်ဖူး မကြားဖူးအောင် များပြားလွန်းလှပြီး ရက်စက်ကြမ်းကြုတ်မှုမှာလည်း ကမ်းကုန်ပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေအရ မင်းအောင်လှိုင်လက်ထက်မှာ သတ်ဖြတ်ခံရသူပေါင်း သုံးထောင်ကျော်ပါပြီ။ ဖမ်းဆီး ထောင်ချခံရသူပေါင်း နှစ်သောင်းကျော်ပါပြီ။ မီးရှို့ ဖျက်ဆီးခံရတဲ့ အိမ်အလုံးပေါင်း ခြောက်သောင်း ကျော်ပါပြီ။ ကိုယ့်မြို့ကိုယ့်ရွာက ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၁ သန်း ၇ သိန်းကျော်ပါပြီ။ လူနေကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းနဲ့ ဆေးရုံတွေ၊ စစ်ပြေးဒုက္ခသည်စခန်းတွေ၊ နယ်စပ်ဒေသစခန်းတွေကို လေကြောင်းက ဗုံးကြဲပစ်ခတ် တိုက်ခိုက်တာ ၂ နှစ်အတွင်း အကြိမ်ပေါင်း ၇၆၀ ကျော်ရှိတယ်လို့  The Associations to Develop Democratic Burma (ADDB) ရဲ့ နောက်ဆုံးထုတ်ဖော်ချက်မှာ ပါရှိပါတယ်။  စစ်ခုံရုံးမှာ မတရား ဖမ်းဆီးထောင်ချခံရမှာကို ကြောက်တဲ့အတွက် မြန်မာပြည်ကို စွန့်ခွာတဲ့သူက သိန်းပေါင်းများစွာ ရှိနေပါပြီ။ 

ဒီသတင်းအချက်အလက်တွေက တဖက်သတ် စွပ်စွဲချက်တွေ မဟုတ်သလို အတုအယောင် သတင်းအချက်အလက်တွေလည်း မဟုတ်ပါဘူး။ စာရေးသူတို့ရဲ့ မြေအောက်သတင်းကွန်ရက်နဲ့ ပြည်သူ့သတင်းသမားတွေဆီကလည်း အလားတူ သတင်းအချက်အလက်တွေကို ရရှိနေပြီး ဒီဗွီဘီသတင်းဌာနကနေ နေ့စဉ်နေ့တိုင်း ထုတ်ပြန်တင်ဆက်ပေးနေခဲ့ပါတယ်။ ကိုယ်ကြည့်ရှုနေတဲ့ နေ့စဉ်သတင်းအတွင်းမှာ မမြင် မကြားရတဲ့အတွက် မြန်မာနိုင်ငံမှာတော့ အေးအေးဆေးဆေးပဲလို့ မထင်လိုက်ပါနဲ့။ 

Gen Z  လို့ ခေါ်တဲ့ လူငယ်မျိုးဆက်သစ် ထောင်ပေါင်းများစွာဟာ လက်နက်စွဲကိုင်ပြီး  အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ထမ်း (ဆရာဝန်တွေနဲ့ သူနာပြုတွေ) ထက်ဝက်လောက်နဲ့  သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဟာ စစ်အစိုးရကို အန်တုတဲ့အနေနဲ့  အုပ်ချုပ်ရေးယန္တရားအောက်က နုတ်ထွက်လိုက်ကြပါတယ်။ တချို့က  ပြည်တွင်းမှာဘဲ လူမသိသူမသိ ပုန်းလျှိုးနေထိုင်ကြပြီး တချို့က ပီဒီအက်ဖ်တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လွတ်မြောက်နယ်မြေအတွင်းမှာ ခိုလှုံနေကြပါတယ်။

မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို ငရဲခန်းဖြစ်အောင် လုပ်ပစ်လိုက်ပါတယ်။ တိုင်းပြည်တခုလုံးကို ရက်ရက်စက်စက် အကြမ်းဖက်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို ဆထက်ထမ်းပိုး ရှေ့ဆက်တိုးပြီး လုပ်မယ့်ပုံပဲ ရှိပါတယ်။ လျှော့ပေါ့မယ့်လက္ခဏာ မတွေ့ရသေးပါဘူး။ ထိုနည်းတူပဲ ကုလသမဂ္ဂအဖွဲ့ကြီး၊ အာဆီယံအဖွဲ့ကြီးနဲ့ တရုတ်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံကို ငရဲခန်းထဲမှ လွတ်မြောက်အောင် ကြားဝင်ပေးမယ့် အရိပ်အယောင်ကိုလည်း  မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင်က ကမ္ဘာကြီးက မြန်မာ့အရေး ကူညီဖို့ ပျက်ကွက်ရှုံးနိမ့်ခဲ့တယ်လို့  ထုတ်ပြောလိုက်တာကတော့ ကုလသမဂ္ဂအတွက် ရှက်စရာပါ။

မြန်မာ့အရေးကို ကမ္ဘာကြီးက ဝင်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့ အနေအထားမှာ မြန်မာတွေ ကိုယ်တိုင်ကရော အချင်းချင်းညှိနှိုင်းနိုင်မှာလား။ မင်းအောင်လှိုင်ဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းတတ်သူ မဟုတ်ဘဲ၊ ပွဲပျက်အောင်သာ လုပ်တတ်တဲ့သူပါ။  ညှိနှိုင်းလို့ရတဲ့ အနေအထားမှာပင် ညှိနှိုင်းမှုကို ဖျက်ပြီး အာဏာသိမ်းခဲ့သူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိတဲ့ သူ့ရဲ့ သဘောထားကို ကြည့်ရင် သိနိုင်ပါတယ်။ သူ့အရင်က စစ်ဗိုလ်ချုပ်ကြီးတွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရာမှာ မင်းအောင်လှိုင်ထက် အများကြီး ပျော့ပျောင်းပါတယ်။ ဖမ်းဆီးထားရင်လည်း နေအိမ် အကျယ်ချုပ်နဲ့ပဲ ထားပါတယ်။ နိုင်ငံတကာက ဖိအားပေးတဲ့အခါမှာဖြစ်ဖြစ်၊ ပြည်တွင်းနိုင်ငံရေး အခြေအနေအရဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခါအားလျော်စွာ တွေ့ဆုံပြီး စကားပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အတွက် ဆူးငြောင့်ခလုတ်တခု ဖြစ်တယ်လို့မြင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေးကို ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာကိုလည်း သူတို့ သိနေပါတယ်။ ဒီလို နားလည်ခဲ့တဲ့အတွက်ကြောင့် ၂၀၁၂ ခုနှစ်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လမ်းခင်းပေးနိုင်ခဲ့တာပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ  ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်အထိ အလူးလူးအလှိမ့်လှိမ့်နဲ့ သွားနေခဲ့ပါတယ်။

မင်းအောင်လှိုင်ကတော့ သူ့အရင်က စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မတူပါဘူး။ သူက “မလုပ်ရဲတာ ဘာမှမရှိဘူး”လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့တဲ့သူ ဖြစ်ပါတယ်။  မင်းအောင်လှိုင်  အမှန်အတိုင်းပြောတာ အဲဒီတကြိမ်ပါပဲ။ အာဏာသိမ်းပြီးချိန်မှာ  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် အကြမ်းဖက်ပြီး ဖြိုခွဲဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တာ မင်းအောင်လှိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် အမှုဆင်ပြီး နှစ် ၃၀ ကျော် ထောင်ဒဏ်ချမှတ်ဖို့ အမိန့်ပေးခဲ့တာ မင်းအောင်လှိုင်ပါ။ (တကယ်တော့ မင်းအောင်လှိုင်ကို ထွက်ပေါက်ပေးနိုင်တာ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိပါတယ်။ ဒါကို သူ မသိပါဘူး။) ပြည်သူလူထု လေးစားတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ကျော်မင်းယု)နဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြိုးဇေယျာသော်တို့ နှစ်ယောက်ကို ကြိုးပေးသတ်ဖို့ အမိန့်ပေးခဲ့တာ မင်းအောင်လှိုင်ပါ။ (လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်အတွင်း ဒါက ပထမဆုံးအကြိမ် ကြိုးပေးသတ်မှု ဖြစ်ပါတယ်) မင်းအောင်လှိုင်ဟာ ညှိနှိုင်းမှုအတွက် တံခါးပေါက်မှန်သမျှကို ပိတ်ပစ်လိုက်ရုံတင်မကဘဲ သူ့ထွက်ပေါက်မှန်သမျှကိုပါ ပိတ်ပစ်လိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ချောင်ပိတ်ထားပြီး ပြည်သူလူထုအပေါ် အကြောက်တရား လွှမ်းမိုးနေအောင် ထင်ရာစိုင်းနေပါတယ်။ သူ့အရင် အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေလို တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် ဟန်ပြမျှပင် မလုပ်နိုင်တဲ့သူပါ။  အုပ်ချုပ်နိုင်ခြင်းမရှိတဲ့ နယ်မြေတွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပိုအင်အားကြီးလာသလို တော်လှန်ရေးအင်အားစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း ရာပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲပေါင်း ၄၈၃ ခုပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ ၃၇၃၃ ခု ရှိခဲ့တယ် လို့  ALCED (the Event Data Project)ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုင်းပြည်အုပ်ချုပ်ရေးကို  ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်တော့တဲ့အတွက် မင်းအောင်လှိုင်ဟာ မြို့နယ်ပေါင်း ၄၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ (စုစုပေါင်း ၃၃၀ မြို့နယ် ရှိပါတယ်။) စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်အများစုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက လက်နက်ကိုင် ပဋိပက္ခမရှိခဲ့တဲ့ မြို့နယ်တွေဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအောက်မှာ အလူးအလှိမ့်ခံနေရတဲ့ အနေအထားရှိပါတယ်။ စစ်ဗိုလ်စစ်သား ထောင်နဲ့ချီပြီး လွတ်မြောက်နယ်မြေကို ထွက်ပြေးခဲ့တာကို ထောက်ဆရင် မင်းအောင်လှိုင်ရဲ့ စစ်ဗိုလ် စစ်သားတွေလို စိတ်ဓာတ်ကျတာမျိုး မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။  အခွင့်အရေးရရင် နောက်ထပ်ထွက်ပြေးလာကြမဲ့ စစ်ဗိုလ်စစ်သားတွေ အများကြီး ရှိသေးတယ်လို့ ပြောကြပါတယ်။

ထိပ်ဆုံးမှာရှိနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ မင်းအောင်လှိုင်ရဲ့ နောက်မှာ စုစည်း ရပ်တည်နေကြသေးတဲ့ ပုံရှိပါတယ်။ ဒါပေမဲ့ ဒီအနေအထားက ရေရှည် ခိုင်မြဲနေမှာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီး၊ လေတပ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ စစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အဖွဲ့ဝင်တချို့ အပါအဝင် ဝန်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို ထုတ်ပစ်ပါတယ်။ မင်းအောင်လှိုင်ကို သစ္စာခံတဲ့သူတွေဟာလည်း အနှေးနဲ့အမြန် ဆိုသလို အထုတ်ခံရမှာပါ။ ဒါကြောင့် ယမမင်းကြီးအနေနဲ့ သတိပေးကြေညာချက်တခု ထပ်ပြီးထုတ်ပြန်ပေးဖို့ အချိန်ကျရောက်လာပြန်ပါပြီ။ “ငရဲခွေးကြီးတကောင် ထပ်လွတ်သွားပြန်ပြီ၊ တွေ့သူများ ငရဲပြည်ကို ပြန်မောင်းထုတ်ပေးပါ” ဆိုတဲ့ ကြေညာချက်ပါ။ 

(ငရဲခွေးကြီးလွတ်နေသည် ဆိုသော ဆောင်းပါးကို ဖော်ပြခဲ့သည့် ၁၉၃၆ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း “အိုးဝေ” ၏ အယ်ဒီတာမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဦးအောင်ဆန်း ဖြစ်ပါသည်။ ယင်းဆောင်းပါးကို ဖတ်ရှုပြီးနောက် ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီးက ဦးအောင်ဆန်းကို ခေါ်ယူကာ ဆောင်းပါးရေးသူ၏ အမည်ကို မေးမြန်းပါသည်။ ဦးအောင်ဆန်းက ဆောင်းပါးရှင်၏အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်သဖြင့် ကျောင်းထုတ်ခံရသည်။  ဗြိတိသျှ ကိုလိုနီအာဏာပိုင်များက ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ အဆုံးစီရင်ခြင်းတို့ကိုမူ မလုပ်ခဲ့ပါ။)

အေးချမ်းနိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024