ရန်ကုန် မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမနဲ့ ရာဇာဓိရာဇ်လမ်းထောင့်ရှိ ၇/၈ လမ်းဆုံအနီး၊ ၃၈ ရပ်ကွက်၊ ခရေလမ်းထဲမှာ ဧပြီ ၇ ရက် ညက တက္ကစီလုယက်တဲ့အဖွဲ့ကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တက္ကစီအသင်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် လုယက်သူအဖွဲ့ထဲက ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ လူမှုအသင်းတွေက ပြောပါတယ်။
အဲဒီည ၇ နာရီလောက်က ပြည်ထောင်စုလမ်းမပေါ်မှာ ကားနံပါတ်ပြားမပါ၊ စတစ်ကာ ဖျက်ထားတဲ့ ကားတစီး မောင်းလာတာကို တက္ကစီယာဉ်မောင်တဦးက တွေ့ရှိခဲ့ပြီး တက္ကစီအဖွဲ့နဲ့ အရပ်ဘက်လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။
လူမှုအသင်းဝင်တဦးက "၆ ရက်ညက လုသွားတဲ့ကား၊ အဲဒီကားကို ဖမ်းမိပါပြ။ တက္ကစီ ယာဉ်မောင်းတယောက်က ကားတစီးမှာ နံပါတ်ပြားဖြုတ်ထားတယ်၊ ဘေးက စီးတီးအမှတ်ကို စတစ်ကာ အုပ်ထားတယ်၊ ကားအမျိုးအစား တူနေတယ်ဆိုပြီး လှမ်းပြောတာ။ ကားသမားကို လိုက်တော့ ဟိုလူတွေက ၇/၈ လမ်းဆုံနားက အုတ်ခဲပုံမှာ ကားကို ရပ်ထားခဲ့ပြီးတော့ ပြေးတာ။ ဒီကအဖွဲ့တွေ အကုန်လုံးလိုက်ပြီး ဖမ်းတော့ ၃ ယောက်မှာ ၂ ယောက်မိတယ်၊ ၁ ယောက် လွတ်သွားတယ်။ ဖမ်းမိတဲ့အထဲမှာ လူမျိုးခြားတယောက်ပါတယ်၊ အဲ့တယောက်ကိုတော့ စစ်တပ်က လာခေါ်သွားတယ်" လို့ ပြောပါတယ်။
ခိုးသွားတဲ့ ကားပေါ်မှာ လုယက်သူ ၃ ဦးပါပြီး ၇/၈ လမ်း ဆုံမှတ်တိုင်ရှိ ခရေလမ်းသွယ်မှာ တက္ကစီကို ရပ်ထားပြီး ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့လို့ ၂ ဦးကို ဖမ်းမိခဲ့ပြီး တဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဝိုင်းဖမ်းနေတဲ့အချိန်မှာ စစ်ကားတစီးနဲ့ ရဲတွေ ရောက်လာပြီး ပထမဆုံးမိထားတဲ့ အမျိုးသားကို စစ်ကားပေါ်ဆွဲတင်သွားကာ နောက်တယောက်ကိုတော့ မြောက်ဒဂုံ မြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းမိသူ လုယက်သူတဦးရဲ့ ထွက်ဆိုချက်အရ ပိုက်ဆံပေးမယ် လိုက်ခဲ့ဆိုတာကြောင့် လိုက်ခဲ့တာဖြစ်ပြီး သူက ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ငါးဈေးက မဲကြီးလို့ ခေါ်တဲ့ လူမိုက်တဦးဖြစ်တယ်လို့ သိရတဲ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူတဦးက သူရဲ့ ယောက်ဖဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ ၂၀၂၃ ခု မတ် ၁၂ ရက်၊ ၂၂ ရက်၊ ၂၈ ရက်နဲ့ ဧပြီ ၆ ရက်တွေက တက္ကစီယာဉ်မောင်းကို ဓားထိုး၊ အုပ်စုဖွဲ့ရိုက်နှက် ကားလုယက်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ကားကို လုယက်တဲ့နေရာမှာ ယာဉ်မောင်းလည်ပင်းကို အနောက်ကနေ ကြိုးသိုင်းချုပ်ထားပြီး အုပ်စုဖွဲ့ရိုက်နှက်၊ လုယက်တာရယ် တူညီနေတယ်လို့ သိရပါတယ်။
မတ် ၂၃ ရက်နေ့က ဗဟန်းမြို့နယ်မှာ တက္ကစီယာဉမောင်းကိုသတ်ပြီး ကားလုယက်မှုနဲ့ ဆက်စပ်နေခြင်း ရှိမရှိကိုတော့ မသိရသေးပါဘူး။
ဖမ်းမိသူ ၂ ဦးကို မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေပြီး လုယက်ခံရတဲ့ ယာဉ်မောင်းနဲ့ ကားပိုင်ရှင်တွေက သွားရောက်အမှုဖွင့်နေတယ်လို့ သိရပါတယ်။